Home
မြန်မာသတင်း
တရုတ်အထူးကိုယ်စားလှယ် ဘာကြောင့် လားရှိုး ရောက်နေတာလဲ
DVB
·
April 21, 2025

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ MNDAA ကိုးကန့်တပ်တွေ ဆုတ်ခွာပြီး စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းချိန်မှာပဲ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းလည်း လားရှိုးမြို့ကို ရောက်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ဒုတိယပတ်လောက်ကတည်းက MNDAA အုပ်ချုပ်ရေးဘက်က ဌာနတွေ တဖြည်းဖြည်းချင်း ဆုတ်ခွာနေကာ ဧပြီ ၂၀ ရက်မှာတော့ စစ်ကောင်စီဘက်က အလုံးအရင်းနဲ့ ရောက်လာတာဖြစ်ပြီး တရုတ်အထူးကိုယ်စားလှယ်ပါ ရောက်ရှိလာတာပါ။

လက်ရှိမှာတော့ မြို့အတွင်း MNDAA တပ်ဖွဲ့ဝင်တချို့ကို တွေ့နေရသေးပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းတွေ့ရသလို MNDAA အလံတွေလည်း ဖြုတ်ချထားပြီလို့ ဒေသခံ အမျိုးသမီးတယောက်က DVB ကို ပြောပါတယ်။

“မြို့ထဲမှာတော့ ကိုးကန့်တပ်ဝတ်စုံနဲ့လူတွေလည်း ရှိတော့ရှိသေးတယ်။ ဗမာစစ်တပ်ဝတ်စုံနဲ့ လူတွေလည်း ရှိတယ်။ တရုတ်ဘက်က ရောက်နေတာကြောင့်လားတော့ မသိဘူး၊ လုံခြုံရေးကတော့ အများကြီးရှိတယ်။ ဟုတ်တယ် ကိုးကန့်အလံတွေတော့ ဖြုတ်ချထားပြီ။”

လားရှိုးမြို့ကို ပြန်ပြီးလွှဲပြောင်းပေးဖို့အတွက် ကိုးကန့်တပ်ဘက်က ဘယ်သူတွေရောက်ရှိနေလဲ သေချာမသိရပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်ပြီး ရောက်ရှိနေတယ်လို့လည်း နီးစပ်သူတယောက်က ပြောပါတယ်။

တရုတ်အထူးကိုယ်စားလှယ် ရောက်ရှိနေတာကတော့ ဆွေးနွေးဖို့မဟုတ်ဘဲ ကူမင်းဆွေးနွေးပွဲမှာ သဘောတူညီထားတဲ့ ကိစ္စတွေကို အကောင်အထည်ဖော်ပေးဖို့အတွက် ရောက်ရှိနေတာ ဖြစ်တယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်သူတယောက်က ဆိုပါတယ်။

ကူမင်းဆွေးနွေးပွဲမှာ နှစ်ဖက်သဘောတူထားတဲ့ အဓိကနှစ်ချက်ကတော့ သုံ့ပန်းလဲလှယ်ရေးနဲ့ မြို့ကို ပြန်ပြီးတော့ လွှဲပြောင်းရေးတို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျနော် ကြားရသလောက်တော့ တိန့်ရှီကျွင်းလည်း ရောက်နေတယ်။ ဒီဘက်ကတော့ တိုင်းမှူးလည်း ရောက်နေတယ်။ MNDAA ဘက်ကတော့ ဘယ်သူတွေရှိလဲတော့ ကျနော်တို့လည်း မသိဘူး။ ဒီမှာတော့ သိပ်ပြီးတော့ ဆွေးနွေးလိမ့်မယ် မထင်ဘူး။ ကူမင်းမှာ ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်ကို ဒီမှာ အကောင်အထည်ဖော်ပေးတဲ့ သဘောပါပဲ။ ကျနော်တို့ သိထားတာကတော့ နှစ်ချက်ပေါ့နော်၊ ပထမတခုက သုံ့ပန်းလဲလှယ်ရေး၊ နောက်တချက်ကတော့ လားရှိုးကနေ ပြန်ဆုတ်ဖို့ကိစ္စပေါ့။”

ဒါ့အပြင် တရုတ်ကြားဝင်မှုနဲ့အတူ မကြာခင် TNLA နဲ့လည်း ဆွေးနွေးပွဲတွေ ဆက်ရှိလာမယ်လို့လည်း ဆိုပါတယ်။

လားရှိုးကို တရုတ်ရောက်နေတာနဲ့ပတ်သက်လို့ အဆင်ပြေပြေ လွှဲပြောင်းပေးနိုင်ဖို့ ရောက်ရှိနေတာ ဖြစ်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေးကို စောင့်ထိန်းဖို့ တရုတ်တွေ ရောက်နေတယ်လို့ပဲ ကြားတာပဲလေ။ သူတို့အဖွဲ့တွေ ဆွေးနွေးတုန်း၊ ဝင်တဲ့သူလည်း ဝင်တယ်၊ ထွက်တဲ့သူကလည်း ထွက်တယ်၊ ဒီလောက်ပဲ ကြားတယ်။ ကျမတို့ နည်းနည်းစောင့်ကြည့်ဖို့ လိုတယ်။ ဘက်တွေကလည်း ဘယ်ဘက်ကမှ ကြေညာတာ မတွေ့ရသေးတော့ စောင့်ကြည့်ဖို့လိုမယ်ထင်တယ်။”

လားရှိုးမြို့ လွှဲပြောင်းရေးကိစ္စနဲ့ပတ်သက်လို့ MNDAA ဘက်ကရော၊ စစ်ကောင်စီဘက်ကပါ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ လားရှိုးပတ်ပတ်လည်မှာတော့ MNDAA တပ်တွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013