
ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ်ရွာတဲ့ မိုးဒဏ်ကြောင့် ရိတ်လက်စပါးခင်းတွေ ရေမြုပ်ပျက်စီးပြီး ရိတ်သိမ်းပြီးတဲ့စပါးတွေလည်း ရေစိုပျက်စီးသွားတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
ဧပြီ ၁၂ ရက်ကနေ ၁၈ ရက်အထိ အချိန်အခါမဟုတ် ရက်ဆက်ရွာသွန်းတဲ့မိုးဒဏ်ကြောင့် ဧရာဝတီတိုင်းထဲက ပုသိမ်၊ ညောင်တုန်း၊ ပန်းတနော်၊ ဝါးခယ်မ၊ မအူပင်၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း စတဲ့မြို့နယ်တို့က ဒေသခံတောင်သူတွေရဲ့ ရိတ်သိမ်းနေဆဲ နွေစပါးတွေ ရေနစ်မြုပ်ခဲ့ပြီး တချို့စပါးခင်းတွေ ပျက်စီးခဲ့တာလို့ဆိုပါတယ်။
ညောင်တုန်းမြို့နယ်ကတောင်သူ တယောက်က “မိုးရွာမယ်လို့ သတင်းဖတ်ထားရတာကြောင့် အားချင်းလိုက်သိမ်းပေမယ့် မိုးရက်ဆက်ရွာနေတော့ မမီလိုက်တာ။ ရိတ်လက်စ စပါးတွေ ရေမြုပ်တာ များတယ်။ ဘာမှလုပ်မရဘူး။ စပါးဈေးက ကျနေတဲ့အထဲ စပါးတွေရေထပ်မြုပ်တော့ ရှုံးပြီ” လို့ ပြောပါတယ်။
အချိန်အခါမဟုတ် ရက်ဆက်ရွာနေတဲ့ မိုးကြောင့် စပါးခင်းတွေ ရေမြုပ်နေတဲ့အပြင် နေပူလှန်း ထားတဲ့ စပါးတွေပါ ရေစိုကုန်ပြီး နေအပူရှိန်မရတဲ့အတွက် အပင်ပေါက်တဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံတောင်သူတယောက်က “တချို့အပင်ပေါ်က စပါးတွေက ၅ ရက် ၆ ရက်လောက် ရေမြုပ်သွားတော့ အပုပ်နံ့တောင် ထွက်နေတာ။ အပင်ပေါက်တာတွေလည်း မနည်းဘူး။ ရေစုပ်ထုတ်တော့လည်း ထုတ်တဲ့ ရေနဲ့ ပြန်ဝင်တဲ့ရေနဲ့ မမျှဘူးဖြစ်နေတာ” လို့ ပြောပါတယ်။
အခုလို စပါးတွေ ရေစို၊ မိုးမိရင် မှိုတက်တာ၊ ဆန်အရောင်ပျက်တာ၊ ဆန်သားအက်တာကြောင့် ဆန်အရည်အသွေးကျသွားပြီး ဆန်စက်မှာ ကြိတ်ခွဲရင်လည်း အကျိုးအကြေ များပြီး ဈေးကွက်မဝင်တဲ့အထိ ဖြစ်ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဩဇာခံမိုးလေဝသဌာနက အရှေ့ဘက်ကနေ ရွေ့လျားလာတဲ့ လေပွေလှိုင်းကြောင့်နဲ့ အနောက်ဘက်ကနေ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေကြောင့် အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းပြီး ဧပြီ ၁၆ ရက်ကနေ ၂၀ ရက်အထိ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရခိုင်နဲ့ရှမ်းတို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲနဲ့ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ မွန်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သလို တချို့ဒေသတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဧပြီ ၁၈ ရက်နေ့မှာ ထုတ်ပြန်သတိပေးထားပါတယ်။
ဒါ့အပြင် အချိန်အခါမဟုတ်မိုးရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာတွေဖြစ်နိုင်လို့ သတိပြုကြဖို့လည်း အကြံပြုထားပါတယ်။