Home
မြန်မာသတင်း
ငလျင်လှုပ်ပြီးနောက် ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာ
DVB
·
April 16, 2025
Photo: BB

အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေးနှုန်းဟာ တလီတာကို ကျပ် ၆,၆၀၀ ဝန်းကျင်အထိ မြင့်တက်လာတယ်လို့ သုံးစွဲသူ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိ ငါးသိုင်းချောင်း၊ ရေကြည်၊ သာပေါင်း၊ လေးမျက်နှာ၊ ကျုံပျော် စတဲ့ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွေမှာ စက်သုံးဆီ တလီတာကို ကျပ် ၆,၆၀၀ အထိ ဈေးတက်လာပြီး အင်အားပြင်းငလျင် မဖြစ်ခင်က ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ စက်သုံးဆီ တလီတာ ကျပ် ၃,၆၀၀ ဝန်းကျင်အထိသာ ဈေးရှိတယ်လို့ ဆိုပါတယ်။

ကျုံပျော်ဒေသခံတယောက်က “ငလျင်လှုပ်ပြီး နောက်နေ့ဆို ဈေးထိုးတက်သွားတာ။ အခုလက်ရှိ တလီတာ ကျပ် ၆,၆၀၀ ဖြစ်နေတယ်။ တချို့နေရာတွေမှာဆို ဆီမရတောင် ဖြစ်နေတယ် ကြားတယ်” လို့ ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် လက်ရှိ ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေး တက်နေတာဟာ ခွဲတမ်းနဲ့ တင်သွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေရတာကြောင့်နဲ့ စက်သုံးဆီကို လိုသလောက် မရတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရေကြည်ဒေသခံ လုပ်ငန်းရှင်တယောက်က “စက်သုံးဆီက သိရတာတော့ ငလျင်ဒဏ်သင့်ဒေသတွေကို ဦးစားပေး တင်ပို့နေရတာကြောင့်လို့ သိရတယ်။ အရင်ကလည်း ခွဲတမ်းနဲ့ ရောင်းနေရတာ။ အခု ခွဲတမ်းနဲ့တောင် လိုသလောက်မရ ဖြစ်နေတာ” လို့ ပြောပါတယ်။

လက်ရှိ ငါးသိုင်းချောင်း၊ ရေကြည်၊ သာပေါင်း၊ လေးမျက်နှာ၊ ကျုံပျော် စတဲ့ဒေသတွေမှာ စက်သုံးဆီဈေး မြင့်တက်တာဟာ စစ်ကောင်စီက ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်နေတဲ့ ဒေသတွေကို စက်သုံးဆီနဲ့ စားသောက်ကုန် သယ်ယူပို့ဆောင်ခွင့် ပိတ်ထားတာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ စက်သုံးဆီဈေး မြင့်တက်နေတဲ့ ဒေသတွေထဲက ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့က ရေနံ့သာ စစ်ဆေးရေးဂိတ် အပါအဝင် အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်က ကုန်ကားတွေနဲ့ အရပ်သားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013