
နေပြည်တော်မြို့နယ်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး နောက် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတဲ့အတွက် ရေသန့်စက်ရုံတွေမှာ ရေသန့်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ အခက်အခဲဖြစ်နေတယ်လို့ ရေသန့်လုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အပြီး နေပြည်တော်မှာ မကြာခဏ လျှပ်စစ်မီးပြတ်တောက်နေကာ မီးပြန်လာရင်လည်း သတ်မှတ်ဗို့အား မပြည့်တဲ့ အခြေအနေတွေကြောင့် ရေသန့်လုပ်ငန်းတွေ လုပ်ကိုင်ရမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။
တပ်ကုန်းမြို့နယ် ရေသန့်လုပ်ငန်းရှင်တယောက်က “ပုံမှန်ဆို ဒီဘက်က မီးပြတ်ခဲတယ်၊ အခုက တော်တော်ဆိုးနေတာ။ ငလျင်လှုပ်ပြီးနောက်ပိုဆိုးတာ။ လုပ်ကိုင်နေတဲ့ ရေသန့်စက်က မီးအား ၂၂၀ ဗို့ အဝင်ရမှထုတ်လို့ရတာ။ မီးစက်နဲ့လုပ်ကိုင်ဖို့ကလည်း ဒီစက်သုံးဆီဈေးတွေနဲ့ မတက်နိုင်ဘူး၊ အလုပ်လုပ်ရတာ တော်တော်ခက်နေတယ်” လို့ ပြောပါတယ်။
ငလျင်ဒဏ်သင့် နေပြည်တော်ကောင်စီနယ်မြေမှာ လျှပ်စစ်မီး အခက်အခဲကြောင့် မီးစက်မောင်းပြီး ဆက်လက်ရေသန့်ထုတ်လုပ်ဖို့ ကုန်ကျစရိတ်များပြားနေတာကြောင့် လုပ်ငန်းကို အခြေနေစောင့်ကြည့် လုပ်ကိုင်နေခြင်းဖြစ်ပြီး အဆင်မပြေပါက လုပ်ငန်းရပ်ပစ်တဲ့အထိ လုပ်ကြရမယ်လို့ ဆိုပါတယ်။
ရေသန့် ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းရှင်တယောက်က “အခုက ဝန်ထမ်းတွေအတွက် လစာတောင်အပြည့်အဝ ပြန်မရဘူး။ မီးလာတဲ့အချိန် စောင့်လုပ်နေရတာ။ မီးကလည်း လာတဲ့အချိန် နောက်ကျသလို မီးအားလည်း မပြည့်ဘူး။ ကိုယ့်စက်နဲ့ ကိုယ်မောင်းလုပ်တော့လည်း ဘယ်လိုမှ တွက်ခြေမကိုက်ဘူး။ ဒီလကုန်လောက်အထိ စောင့်ကြည့်မယ်၊ အဆင်မပြေရင်တော့ ရပ်နားတော့မယ်” လို့ ပြောပါတယ်။
လျှပ်စစ်မီး အခက်အခဲကြောင့် မီးစက်မောင်းကာ ရေသန့် ထုတ်လုပ်ပြီး ဈေးတင်ရောင်းပြန်တော့လည်း ငလျင်ဒဏ်သင့်ဒေသခံတွေအနေနဲ့ ငွေကြေးကျပ်တည်းလာမှုကြောင့် ဝယ်ယူသူ မရှိသလောက် ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်မြို့နယ်မှာ ရေသန့်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်း အခက်အခဲတွေ အတော်ဖြစ်ပွားနေတာကြောင့် အခု ဧပြီလကုန်အထိစောင့်ကြည့် လုပ်ကိုင်ကြမှာဖြစ်ကာ လျှပ်စစ်မီးပုံမှန်အခြေအနေအထိ မရပါက လုပ်ငန်းရှင်တချို့ ရပ်နားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။