
နေပြည်တော် လယ်ဝေးနဲ့ ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွေမှာ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက် ဒီနေ့မနက်ပိုင်းက မြေငလျင်တွေ ထပ်လှုပ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက် ၅ နာရီခွဲကျော်လောက်က ပြင်းအား ရစ်ချ်တာစကေး ၃ ဒသမ ၂ ရှိ မြေငလျင်တခု နေပြည်တော် လယ်ဝေးမြို့ရဲ့ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်သွား တယ်လို့ သိရပါတယ်။
ဒီမနက် ၄ နာရီ ၆ မိနစ်ကျော်လောက်မှာလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၂၆ မိုင်ခန့် အကွာ၊ အနက် - ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၁ ရစ်ချ်တာစကေးရှိ မြေငလျင်လှုပ်သွားပါတယ်။
အလားတူ ဧပြီ ၁၆ ရက် မနေ့ ညနေ ၅ နာရီလောက်ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၉ မိုင်ခန့်၊ အနက် - ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၁ ရစ်ချ်တာစကေးရှိ မြေငလျင်လှုပ်သွားပါတယ်။
ဒါ့အပြင် မနေ့က မန္တလေးတိုင်း ဝမ်းတွင်းမြို့အနီးနဲ့ ပဲခူးတိုင်း တောင်ငူမြို့အနီးကို ဗဟိုပြုပြီးလည်း မြေငလျင်တွေ ထပ်လှုပ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြုပြီး အင်အားပြင်းငလျင်ကြီးလှုပ်ခတ်သွားပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နောက်ဆက်တွဲငလျင်တွေ နေ့စဉ် ထပ်မံလှုပ်ခတ်နေတာ အကြိမ်ရေ ရာနဲ့ချီရှိသွားပြီ ဖြစ်ပါတယ်။