Home
မြန်မာသတင်း
မြန်မာနှစ်သစ် ပြစ်ဒဏ်လျှော့ရက်ခံစားခွင့်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲခဲ့သည့်ပုဒ်မများ မပါ
DVB
·
April 17, 2025

မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ မပါဝင်အောင် ပုဒ်မတွေကို ကန့်သတ်ပြီး စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသား ၄,၉၀၀ နီးပါးကို ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့တာပါ။

ပြစ်ဒဏ်လျှော့ပေးမယ်လို့ ကြေညာတဲ့ ပုဒ်မတွေထဲမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ ၅၀၅(က) တခုသာ ပါဝင်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေနဲ့ အရေးပါတဲ့ လူငယ်နိုင်ငံရေးအကျဉ်းသားတွေကို စွဲဆိုထောင်ချထားတဲ့ ပုဒ်မတွေကိုတော့ ပြန်လွှတ်ပေးမယ့်စာရင်းမှာ မဖော်ပြခဲ့ပါဘူး။

အလားတူပဲ ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ လျှော့ရက်ခံစားခွင့်ပေးမယ့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ပုဒ်မတွေမှာလည်း နိုင်ငံ့ခေါင်းဆောင်တွေကို စွဲဆိုထောင်ချထားတဲ့ ပုဒ်မတွေကို စစ်ကောင်စီက ကန့်သတ်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “သူတို့ကြေညာတဲ့ ပုဒ်မတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါလာဖို့တော့ မမြင်ဘူး။ နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေ ပါလာဖို့ ကျနော်တော့ မမြင်ဘူး။ သဘာဝဘေးနဲ့ အဂတိမှု ပါကိုမပါဘူး။ နောက်တခုက နိုင်ကျဉ်းတွေက ထောင်ထဲမှာ ၂၀,၀၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာ ပုဒ်မအရဆိုရင်တော့ လွတ်နီးပေါ့ ကျနော်တို့က မြင်တယ်ပေါ့၊ ၅၀(ည) တို့၊ ၅၂ တို့၊ နောက်တခုက သေဒဏ်ပေးထားတယ်၊ နောက်တခုက ထောင်တသက်ပေါ့၊ ဒါမျိုးတွေတော့ သူတို့ လွှတ်ဖို့တော့ သူတို့ကြေညာချက်အရ လက်နက်မှု၊ အဂတိ၊ ဖောက်ခွဲ၊ လူသတ်၊ ဒါတွေမပါဘူးလို့ ပြောတဲ့အခါကျတော့ သေချာတယ်ဗျ။ ဖမ်းတာလည်း သူတို့ပဲ၊ တာဝန်အရှိဆုံးက သူတို့ပဲ၊ ဒါကြောင့် ဒီအပေါ်မှာ ကျနော်တို့က ကျေးဇူးတင်စရာလည်း ဘာအကြောင်းမှမရှိဘူး။ ကြိုဆိုစရာလည်း ဘာအကြောင်းမှ မရှိဘူးလို့ မှတ်ချက်ပြုချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ လျှော့ရက်ပေးမယ့် လွတ်ငြိမ်းသက်သာခွင့်ဟာ အကျဉ်းထောင်လက်စွဲ ပြဋ္ဌာန်းချက်တွေအရ ကြည့်မယ်ဆိုရင် ထောင်ထဲမှာ ကောင်းကောင်းနေလို့ ပုံမှန်ရတဲ့ လျှော့ရက်ပမာဏထက် နည်းတဲ့ပမာဏသာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အများပြည်သူနဲ့ နိုင်ငံတကာက နားလည်မှုလွဲပြီး သူတို့ကို အကောင်းမြင်လာအောင် စစ်ကောင်စီက လှည့်စားထားတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အငြိမ်းစားထောင်မှူး ဦးခင်မောင်မြင့်က “နိုင်ငံရေးရင့်ကျက်မှုနဲ့ နိုင်ငံရေးသဘောထား ပြည့်ဝမှု ရှိတယ်ဟေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ဒီလို အကျဉ်းထောင်ထဲမှာ မထားသင့်ဘူးပေါ့။ အသက်အရွယ်အရလည်း ဘာပဲပြောပြော အသက် ၈၀ နီးပါး ဖြစ်လာပြီ၊ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အဘိုး၊ အဖေကအစ တကယ့်တာဝန်ကျေခဲ့ကြတဲ့၊ နိုင်ငံရေးသမိုင်းရှိတဲ့ ပုဂ္ဂိုလ်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၊ အားလုံးက လေးစားချစ်ခင်ရတဲ့ ပုဂ္ဂိုလ်မျိုး၊ အမှန်က သီးသန့်စဉ်းစားသင့်တယ်လို့ ကျနော်က မြင်တာပေါ့၊ ကြားရတာ မြင်ရတာတွေလည်း စိတ်မချမ်းသာပါဘူး၊ အဲဒီတော့ သီးသန့်စဉ်းစားပြီးမှ ဆောင်ရွက်ပေးသင့်တယ်လို့ ကျနော်တော့ မြင်တယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီလက်အောက်မှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာဖြစ်ပြီး မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လက်ကျိုးပြီး ထိခိုက်မှု ရှိခဲ့တယ်လို့ ဧပြီ ၁၁ ရက်နေ့မှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

နောက်ရက်မှာတော့ ထိခိုက်တဲ့သတင်းဟာ မဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ သတင်းတွေ ပြန်လည်ထွက်ပေါ်ခဲ့ပါတယ်။

နေပြည်တော်အကျဉ်းထောင်နဲ့ နီးစပ်သူတွေကတော့ အဲဒီသတင်း ၂ ခုစလုံးဟာ ခိုင်လုံမှုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ထိခိုက်မှု ရှိ မရှိ ဆိုတာ စုံစမ်းလို့မရဘဲ စစ်ကောင်စီက သတင်းအမှောင်ချထားတဲ့ အခြေအနေကို ကြုံနေရတယ်လို့ ဆိုကြပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013