
စစ်ခေါင်းဆောင်က မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြစ်ဒဏ်ကျခံနေသူ ၄,၈၉၃ ယောက် ပြန်လွှတ်ပေးခဲ့တဲ့အထဲမှာ ကမာရွတ်မီဒီယာ သတင်းဌာန ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းလည်း ဒီကနေ့ ဧပြီ ၁၇ ရက်မှာ ပြန်လည်လွတ်မြောက်လာပါတယ်။
ဦးဟံသာညိန်း ပြန်လည်လွတ်မြောက်လာကြောင်းကို ဦးဟံသာညိန်း မိတ်ဆွေတွေက အတည်ပြု ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မတ် ၉ ရက်က ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာ ရုံးခန်းကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးနေသန်မောင်နဲ့ တွဲဖက်တည်ထောင်သူ ဦးဟံသာညိန်းတို့ကို ဖမ်းဆီးခဲ့တာပါ။
ဇွန် ၁၄ ရက်မှာတော့ အမေရိကန်နိုင်ငံသားဖြစ်သူ ဦးနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံကို ပြန်ခွင့်ပြုခဲ့ပေမဲ့ ဦးဟံသာညိန်းကိုတော့ နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲကာ ဖမ်းဆီးထားတဲ့ ကာလ ၁ နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် မတ် ၂၁ ရက်မှာ အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် မတ် ၂၈ ရက်မှာ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(ခ) နဲ့ ထပ်မံ တရားစွဲဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။
စစ်ခေါင်းဆောင်က မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ပြစ်ဒဏ်ကျခံနေသူ ၄,၈၉၃ ယောက် ပြန်လွှတ်ပေးခဲ့ရာ အင်းစိန်အကျဥ်းထောင်က ဒီကနေ့မနက်မှာ ၁,၀၀၀ ကျော် ပြန်လွတ်လာတယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်က နှစ်ဆန်း ၁ ရက်နဲ့ အခါကြီးရက်ကြီးတွေမှာ အကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပေမဲ့ နိုင်ငံရေးအကျဥ်းသား ပါဝင်မှုကတော့ နည်းပါးခဲ့ပါတယ်။