
လူထုကို ဘေးဒုက္ခ အန္တရာယ်မျိုးစုံ ကျရောက်အောင်လုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုက လူသားစာနာမှု အကူအညီတွေကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
လူသားစာနာမှု အကူအညီဆိုတာ ကန့်သတ်ထိန်းချုပ်ရမယ့် အခွင့်ထူးခံစားခွင့် မဟုတ်သလို ဒုက္ခရောက်နေတဲ့ ပြည်သူလူထု ရကိုရရမယ့် အခြေခံအခွင့်အရေး ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “လူသားစာနာမှု အကူအညီတွေကို ကိုယ်ကျိုးအတွက် အသုံးချတာမျိုး မဖြစ်စေဘဲ ဘေးဒဏ်သင့် လူထုတရပ်လုံးဆီ မျှမျှတတနဲ့ အလျင်အမြန် ရောက်သွားစေဖို့ ပြည်တွင်း လူမှုအဝန်းအဝိုင်း၊ နိုင်ငံတကာက မိတ်ဆွေတွေနဲ့ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးစား ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးလက်နက်သဖွယ် ချုပ်ကိုင် အသုံးချနေတာကို ကျော်လွှားဖို့၊ လူထုကို ထပ်ပြီး အသုံးချတာမျိုး မဖြစ်စေဖို့ အာဆီယံနဲ့ နိုင်ငံတကာကို သတိပေး တောင်းဆိုတာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
တိုင်းပြည်က ငလျင်ဘေးဒဏ်ကြီး ကြုံတွေ့ခံစားနေရချိန်မှာတောင် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်း မရှိခဲ့တာကြောင့် ဒါဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဒုက္ခပေါ် ဒုက္ခ အထပ်ထပ်ပေးတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူဖြည့်တင်းထားတဲ့ အရင်းအမြစ်တွေကို ပြည်သူလူထု ဘေးဒုက္ခ ကယ်တင်ရေးမှာ အသုံးမပြုဘဲ စစ်ကောင်စီကတော့ ပြည်သူလူထုကို သတ်ဖြတ်ဖို့အတွက် အသုံးပြုနေတာကို ရှင်းရှင်းလင်းလင်း ကြည့်မြင်နိုင်ဖို့ လိုအပ်ပါတယ်လို့လည်း ဆက်ပြောထားပါတယ်။
ကေခိုင်