
ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက် စစ်ကောင်စီ တိုက်ခိုက်မှုတွေအတွက် နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရားတခု ထူထောင်ပြီး စောင့်ကြည့်သင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ ဧပြီ ၂ ရက်နေ့မှာ ယာယီအပစ်ရပ်ကြောင်းကြေညာချက် ထုတ်ပြန်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို နေ့စဉ်ရက်ဆက် ဆိုသလို ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အကြိမ် ၆၈ ကြိမ်ထက် မနည်းပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၆၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေဟာ မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေကို စိတ်ဝင်တစား အကူအညီပေးလိုတဲ့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေ သတိပြုသင့်တဲ့ကိစ္စ ဖြစ်တယ်လို့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ NUG က ပြောဆိုလိုက်တာပါ။
ဒါကြောင့် အခုလို ထိုးစစ်ရပ်ကာလမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ဆောင်ချက်တွေဖြစ်လို့ နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရားတခု ထူထောင်သင့်တယ်လို့ NUG က ပြောဆိုလိုက်ပါတယ်။