Home
မြန်မာသတင်း
ကော့ကရိတ်အနီး တိုက်ပွဲပြင်းထန်၊ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ သေဆုံး
DVB
·
April 15, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ် အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ ဧပြီ ၁၅ ရက် ဒီနေ့ မနက် ၄ နာရီခွဲလောက်က စတင်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတချို့ ထိခိုက် သေဆုံးသွားပါတယ်။

ကော့ကရိတ်အနောက်ဘက် ၄ မိုင်ကနေ ၁၀ မိုင်လောက်အတွင်းမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ လောက်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့  ကရင်တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ 

စစ်ကောင်စီတပ်ကလည်း Y-12 တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာပေါ်ကို ဗုံးကျပြီး အရပ်သားပြည်သူ အနည်းဆုံး ၃ ယောက်လောက် သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့  ကမ်းနီရွာ၊ ရေပူရွာနဲ့ အနီးတဝိုက်မှာနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။

 ဒါ့အပြင် ကျုံဒိုး ကမ်းနီးရွာ ဘုန်ကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အောင်ဇေယျစစ်ကြောင်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်က ဘားအံမှ ကျုံဒိုးဘက်ကို စစ်ကူ ၆ ဘီးကား ၆ စီးနဲ့ စေလွှတ်ထားရာမှာ  ဒီနေ့မွန်းတည့် ၁၂ နာရီလောက်က  အိန္ဒုရွာဘက်ကို ရောက်ရှိလာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

၂၀၂၄ မတ်လကုန်နဲ့ ဧပြီလဆန်းမှာ KNLA၊ PDF ပူးပေါင်းတပ်တွေက သင်္ဃန်းညီနောင်ဗျူဟာ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တို့ကို သိမ်းလိုက်ပြီးနောက် ဧပြီ ၉ ရက်မှာ စစ်ကောင်စီတပ်က နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းကို စစ်သည်အင်အား ၁၂၀၀ ကနေ ၁၅၀၀ အထိသုံးပြီး စတင်ခဲ့တာ အခုဆိုရင် ၁ နှစ်ပြည့်သွားပါပြီ။ 

အောင်ဇေယျစစ်ကြောင်းထိုးစစ် ၁ နှစ်ပြည့်ချိန်မှာ စစ်ကောင်စီတပ်က ဗျူဟာမှူးတယောက်၊ တပ်ရင်းမှူး ၄ ယောက် အပါအဝင် တပ်ဖွဲ့ဝင် ၅၀၀ ကျော် သေဆုံးတယ်လို့ KNLA တပ်မှူး ဗိုလ်မှူး စောဒါဘောက ပြောပါတယ်။ 

စစ်ကောင်စီက သံချပ်ကာ ကားတွေ၊ ဒရုန်းတပ်တွေ လက်နက်ကြီးတွေနဲ့ နိုင်ငံ‌တော်အဆင့် ၄ ရက်နဲ့အပြီး တိုက်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ အခု ၁ နှစ်ကြာတိုင် မအောင်မမြင် ဖြစ်နေတယ်လို့လည်း ဗိုလ်ဒါဘောက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013