Home
နိုင်ငံတကာ
ထိုင်းအမျိုးသားသစ်တောဥယျာဉ်တွင် မြေပြိုမှုဖြစ်၊ ကမ္ဘာလှည့်ခရီးသည် ၂ ဦး ဒဏ်ရာရ 
DVB
·
April 17, 2025
Photo: Khaosod

ထိုင်းနိုင်ငံ ခေါဝ်ယိုင်အမျိုးသားသစ်တောဥယျာဉ်ထဲမှာ ဧပြီ ၁၆ ရက်က မြေပြိုမှုဖြစ်ပွားပြီး ကမ္ဘာလှည့်ခရီးသည်အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၀ ယောက်လောက်ဟာ ခေါဝ်ယိုင်သစ်တောရှိ ဟျိူနလုတ်ရေတံခွန်ကို သွားလည်ပတ်ပြီးအပြန်  တောင်တက်လမ်းမှာ မြေပြိုကျပြီး လှေကားရဲ့ လက်ရန်းလည်း ပြုတ်ကျသွားတယ်၊ ဒါကြောင့် ခရီးသည်တွေ ဟန်ချက်ပျက် လိမ့်ကျကုန်ပြီး အသက် ၃၈ နှစ်ရွယ် ဖိလစ် ပိုင်နိုင်ငံသူ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ အမျိုးသားသစ်တောဥယျာဉ် ဦးစီးမှူး နိုင်းချိုင်းယား ဟွေ့ဟုန်ထောင်းက သတင်းထောက်ကို ပြောပါတယ်။ 

ဒီမတိုင်ခင်ရှေ့က ၃-၄ ရက်လောက် မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် မြေသားပျော့ပြီး တောင်နံရံ ၂ မီတာလောက် ပြိုကျလာတယ်၊  ဖိလစ်ပိုင်သူ တယောက်က ခြေထောက်နှစ်ဖက်လုံး ကျိုးသွားပြီး ကျန်တဲ့တယောက်က မေးစေ့နဲ့ လည်ပင်းမှာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

လောလောဆယ် လှေကားပြုပြင်ဖို့ ဟျိူနလုတ်ရေတံခွန် သွားလည်ခွင့်ပိတ်ပင်ထားတယ်၊ အဲဒီ ခေါဝ်ယိုင်သစ်တောထဲမှာ နောက်ထပ် နမ့်တုတ်နွဲ့ ရေတံခွန်တခုလည်းရှိသေးတယ်၊ အဲဒီမှာလည်း မတ်စောက်တဲ့လမ်း ရှိတာကြောင့် သတိထားပြီးသွားကြဖို့ ခေါဝ်ယိုင်သစ်တောဌာနက သတိပေးထားပါတယ်။ 

ခေါဝ်ယိုင်အမျိုးသားသစ်တောဥယျာဉ်ဟာ ထိုင်းအရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဆရပူရီ၊ နခွန်းရာ့ချ်ဆီမား၊ ပရကျင်းပူရီ နဲ့ ဆရပူရီ ခရိုင် ၄ ခုနယ်မြေထဲ ပါဝင်နေတဲ့ ကြီးမားသော ဥယျာဉ်ကြီးတခု ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ နှစ်ခြိုက်တဲ့ အလည်အပတ်ဇုန်ကြီးတခုလည်း ဖြစ်ပါတယ်။

Source: Khaosod /  3Plus News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013