Home
မြန်မာသတင်း
“ကျမတို့မှာ ကမ္ဘာလှည့်ခရီးသည်တွေကို ပြစရာ ရှေးဟောင်းအဆောက်အအုံ မရှိတော့ပါဘူး” - အင်းဝဒေသခံ
DVB
·
April 6, 2025

မတ် ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ လူနေအဆောက်အအုံတွေ၊ လမ်း၊ တံတားတွေ ပြိုပျက်ခဲ့သလို ရှေးဟောင်းအဆောက်အအုံတွေလည်း ပြိုပျက်ခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် မြန်မာဘုရင်တွေရဲ့ မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ မန္တလေးမြို့ အပါအဝင် ရာစုနှစ်များစွာ တည်ရှိခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံတွေလည်း အုတ်ပုံအဖြစ် ရောက်ခဲ့ရပါတယ်။

အဲဒီအထဲမှာ မန္တလေးတိုင်းထဲမှာရှိတဲ့ အင်းဝမြို့ဟောင်းလည်း ပါဝင်ခဲ့ပါတယ်။ ၁၄ ရာစုကနေ ၁၉ ရာစုအထိ မြန်မာဘုရင်တွေ ထီးနန်းစိုးစံခဲ့တဲ့ အင်းဝင်မြို့ဟောင်းကို “ရတနာမြို့” လို့ တင်စားခေါ်ဝေါ်ခဲ့ပြီး ဒီနေရာမှာ ရှေးဟောင်းအဆောက်အအုံ ၉၆၁ ခုရှိပြီး ရှေးဟောင်း ဘုရားစေတီတွေလည်း ရှိပါတယ်။

အင်းဝမြို့ဟောင်းဟာ ကမ္ဘာလှည့်ခရီးသည်တွေကို အဓိကဆွဲဆောင်တဲ့မြို့လည်း ဖြစ်ကာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ ငလျင်က အရာအားလုံးကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အင်းဝမြို့မှာရှိတဲ့ အထင်ကရနေရာတွေ‌၊ ဘုန်းကြီးကျောင်းတွေ၊ စေတီတွေ၊ ရာစုနှစ်များစွာက ရှေးဟောင်းလက်ရာတွေ ပြိုကျ ပျက်စီးခဲ့ရပါတယ်။

ငလျင်ဘေးကြောင့် မန္တလေးမြို့ တောင်ဘက် အင်းဝမြို့မှာရှိတဲ့ မယ်နုအုတ်ကျောင်းလို့ လူသိများတဲ့ မဟာအောင်မြေစံ ကျောင်းတော်ကြီးလည်း ပျက်စီးပြိုကျခဲ့ပါတယ်။

မယ်နုအုတ်ကျောင်းကို မြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ်က ဘကြီးတော်မင်းနဲ့ နန်းမတော်မယ်နုတို့က ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၀၀ ခုနှစ်မှာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ဖူးပါတယ်။

မြန်မာသက္ကရာဇ် ၁၂၃၄ ခုနှစ်မှာ ဒီကျောင်းတော်ကို နန်းမတော်မယ်နုရဲ့ သမီးဖြစ်တဲ့ ဆင်ဖြူမရှင်က ထပ်မံပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မယ်နုအုတ်ကျောင်းရဲ့ ၆ ပုံ ၁ ပုံခန့် ပြိုကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့လှည်ခရီးသည်တွေအတွက် အဓိကဆွဲဆောင်ရာဖြစ်တဲ့ မယ်နုအုတ်ကျောင်း ပြိုကျမှုနဲ့ ပတ်သက်ပြီး ဒေသခံတယောက်ဖြစ်တဲ့ မလှိုင်က သူ့ရဲ့ခံစားချက်ကို ရှင်းပြခဲ့ပါတယ်။

“မယ်နုအုတ်ကျောင်း ပြိုကျခဲ့တဲ့အတွက် ကျမတို့ အရမ်းဝမ်းနည်းပါတယ်။ စိတ်မထိန်းနိုင်အောင် ဝမ်းနည်းမိပါတယ်။ ဒီလို ရှေးဟောင်းအဆောက်အအုံတွေ ပြိုကျပျက်စီးတာက ရုပ်ဝတ္ထုပျက်စီးမှု တခုတည်းမဟုတ်ဘဲ တခြားအရာတွေလည်း ပျက်စီးခဲ့တာပါ။ ကျမတို့မှာ ကမ္ဘာလှည့်ခရီးသည်တွေကို ပြစရာ ရှေးဟောင်းအဆောက်အအုံ မရှိတော့ပါဘူး။”

ဧပြီ ၂ ရက်က ကောက်ခံထားတဲ့ စာရင်းအရ ငလျင်ကြောင့် အိမ်ပေါင်း ၂၁,၇၈၃ လုံး၊ ရုံးအဆောက်အအုံ ၈၀၅ လုံး၊ ဝန်ထမ်းအိမ်ရာ ၁၁၅ လုံး၊ ၁,၀၄၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၉၂၁ ကျောင်း၊ ဘုရား ၁,၆၉၀၊ တခြားဘာသာရေးအဆောက်အအုံ ၃၂၁ လုံးနဲ့ ဆေးရုံနဲ့ ဆေးခန်း ၄၈ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ 

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013