
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ စစ်စည်ရွာကို စစ်တပ်က ဧပြီ ၁၆ ရက်၊ မနက် ၁၀ နာရီ နီးလောက်မှာ စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်တယောက် သေဆုံး၊ ၇ ယောက် ဒဏ်ရာရခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတယောက်က “မြေပြင်မှာ ဘာရှိတယ်လို့ သူတို့ သတင်းရထားတာလဲတော့ မသိဘူး။ လေယာဉ်က ဝေါခနဲ ရောက်လာပြီး ဗုံးကြဲတော့တာပဲ။ ကြဲတာက ၄ ကြိမ် ကြဲချတာ။ စာသင်ကျောင်းပေါက်ကို ကျတဲ့ အလုံးက ကလေးတွေ ထိခိုက်သူ အတော်များတယ်လို့ သိထားရတယ်ဗျ။ ထိခိုက် ဒဏ်ရာရသူတွေကိုတော့ ဆေးခန်းပို့နေကြတယ်ဗျ။ လောလောဆယ် အတည်ပြုလို့ရတာက သေဆုံးတယောက်၊ ထိခိုက်ဒဏ်ရာရသူ ၇ ဦးအထိ ရှိတယ်လို့ သိထားရတယ်။ ဒီထက်လည်း သေဆုံးထိခိုက်တာ များနိုင်သေးတယ်”လို့ ပြောပါတယ်။
လေကြောင်းကနေ စစ်တပ်က ဗုံးကြဲပြီး မြေပြင်အထိုင်စစ်တပ်ကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ အရာတော်မြို့နယ် တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ဘာပဲဖြစ်နေဖြစ်နေ စစ်တပ်က အရပ်သား၊ ပြည်သူနဲ့ PDF ဆိုတာကို သူတို့ ခွဲခြားတော့မှာ မဟုတ်ဘူး။ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ၊ ဘုရား၊ ကျောင်း၊ ဘာသာရေး အဆောက်အအုံတွေကို အဓိကထား ပစ်ခတ်နေတာဗျ။ သေဆုံးသူတွေကလည်း ကလေးသူငယ်နဲ့ ပြည်သူလူထုပဲ သေနေကြရတယ်။ စစ်တပ်တခုရဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ကမ္ဘာမျက်နှာစာမှာ ပေါ်ပေါ်တင်တင် ကျူးလွန်ပြနေတာဗျ။ ဒါတွေကို ကြည့်ပြီး နိုင်ငံတကာအနေနဲ့ လူသားမျိုးနွယ်စုအပေါ် အာဏာရှင်လူတစုရဲ့ အနိုင်ကျင့် ကျူးလွန်တာ ဆန့်ကျင်ကန့်ကွက်ပြီး အရပ်သူ၊ အရပ်သားတွေဘက်ကနေ ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်ဗျ။ အခုလည်း အရာတော်မြို့ အခြေစိုက် စခတ (၁၀) တပ်ရင်းကနေ ဟောင်ဝစ်ဇာလက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်သေးတယ်ဗျ။ ထိခိုက်သေဆုံးတာတွေ ထပ်ရှိလာနိုင်သေးတယ်။ လောလောဆယ်တော့ ဘာမှအတိအကျ ပြောပေးလို့မရသေးဘူး။”
ဧပြီ ၁၆ ရက်ဟာ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာသင်္ကြန်အတက်နေ့ ဖြစ်တာနဲ့အညီ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘုရားကျောင်းသွားကာ သီလဆောက်တည်ကြတဲ့ နေ့ရက်လည်း ဖြစ်ပါတယ်။
အရာတော်မြို့နယ် သပိတ်ဦးဆောင်သူ ကိုသက်နောက်က “အိမ်တွေ၊ စာသင်ကျောင်းလည်း ပျက်စီးတယ်။ ကျောင်းသူ၊ ကျောင်သား အများအပြား ထိခိုက်ဒဏ်ရာရရှိတာတွေလည်း ရှိနေတယ်ဗျ။ အခုလို တိုက်ခိုက်တဲ့ အကုသိုလ်ကောင်တွေကို ပြည်သူတွေက ဘယ်တော့မှ ခွင့်မလွှတ်ပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကလည်း အရာတော်မြို့နယ်အနီး ဒီပဲယင်းမြို့နယ်၊ ကြာခတ်ရွာ၊ ဘုန်းတော်ကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်လို့ ကိုရင် အပါဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ရပါတယ်။