
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဧပြီ ၁၅ ရက်၊ ညနေ ၃ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံပြည်သူ ၂ ယောက် သေဆုံးကာ လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အုတ်တွင်းမြို့နယ်၊ သောင်းတန်းရွာကို လေယာဉ်နဲ့ ဗုံးကြဲသွားခဲ့တာ ဖြစ်ပါတယ်။ သောင်းတန်းရွာထဲက အိမ်တွေပေါ်ကို ကျပြီး အသက် ၃၅ နှစ်အရွယ်တွေ လင်မယား ၂ ယောက် သေဆုံးသွားပါတယ်။ ၃ ယောက်ထက်မနည်းလည်း ဒဏ်ရာရပြီး အိမ် ၂ လုံးလောက် ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
အဆိုပါ သောင်းတန်းကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းချနေထိုင်နေတာ မရှိသလို တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူးလို့ ပဲခူးတိုင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။
ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံတယောက်က “မြန်မာပြည်အလယ်ပိုင်းမှာ ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရလို့ ပြန်လည်ထူထောင်ရေးတွေကို လုပ်နေရတဲ့အချိန်လည်း ဖြစ်တယ်။ မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလလည်း ဖြစ်တဲ့ သင်္ကြန်ကာလတလျှောက်လုံးမှာ စစ်တပ်ဘက်က ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ နေ့တိုင်း မနားတမ်း လုပ်နေပြီးတော့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ဖြစ်တယ်။ အဲဒီလို လေကြောင်း တိုက်ခိုက်တာတွေကြောင့်လည်း အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရသလို ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တယ်ဆိုတာ အစ်ကိုတို့ သတင်းမီဒီယာတွေကတဆင့် တကမ္ဘာလုံး သိရှိကြပြီး ဖြစ်တယ်။ ဒီလို ပြည်သူအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူ ဆောင်ရွက်မှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုချင်တယ်။ အရေးယူ ဆောင်ရွက်တာတွေ နှောင့်နှေးနေရင် မြန်မာပြည်သူတွေ နောက်ထပ် သေဆုံးရတာတွေ တိုးလာဖို့ပဲ ရှိတယ်ဗျာ။ ဒါ့ကြောင့် မြန်မာစစ်တပ်ကို အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုရတာ” လို့ DVB ကို ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်တာတွေကို ကာကွယ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ထားကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးဗျူဟာစခန်းကုန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ကစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၁၆ ရက်အကြာ ဧပြီလ ၂ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဟာ ပဲခူးတိုင်းအတွင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာလို့ ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။