
အမေရိကန်အစိုးရက တရုတ်ဆီတင်ပို့မယ့် ချစ်ပ်ပြားဆိုင်ရာ စည်းမျဉ်းတွေကို တင်းကျပ်လိုက်တဲ့အတွက် Nvidia ကုမ္ပဏီကြီးဟာ ဒေါ်လာ ၅ ဘီလီယံခွဲလောက် အထိနာနိုင်တယ်ဆိုပြီး ဧပြီ ၁၅ ရက်မှာ အတည်ပြုပါတယ်။
AI နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုအတွင်း အဓိကအချက်အချာဖြစ်တဲ့ Nvidia ကုမ္ပဏီက တရုတ်ပြည်ကို H20 ချစ်ပ် တင်ပို့မယ်ဆိုရင် လိုင်စင်လိုအပ်တော့မှာ ဖြစ်ပါတယ်။
အဲဒီစည်းမျဉ်းသစ်ဟာ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်တက်လာချိန်မှာ ပေါ်ထွက်လာခဲ့တာ ဖြစ်သလို ၂ နိုင်ငံကြား မြင့်မားတဲ့ အခွန်နှုန်းထားတွေလည်း အပြန်အလှန် ချမှတ်ထားပါတယ်။
အဲဒီနောက် မိုက်ခရိုချစ်ပ် ထုတ်လုပ်တဲ့ Nvidia ရှယ်ယာတန်ဖိုးဟာ ဈေးကွက်ပိတ်ပြီးနောက် ၆ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပါတယ်။
အမေရိကန်အစိုးရဘက်က Nvidia ရဲ့ အရောင်းရဆုံး ထုတ်ကုန်တခုဖြစ်တဲ့ H20 ချစ်ပ်ပြားကို တရုတ် ဒါမှမဟုတ် ဟောင်ကောင်ဆီ ရောင်းချတဲ့အခါ အထူးခွင့်ပြုချက် လိုအပ်တယ်လို့ ပြီးခဲ့တဲ့အပတ်မှာ အသိပေးထားပါတယ်။
အခုလိုမျိုး ဒေါ်လာ ၅ ဘီလီယံခွဲ အပိုကုန်ကျမယ့်ကိစ္စရပ်ဟာ H20 ချစ်ပ်ပြားရဲ့ ပစ္စည်းလက်ကျန်တွေ၊ အရန်ကုန်စည်တွေ၊ ကြိုတင်မှာယူမှုတွေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်နဲ့ အမေရိကန်ကြား နည်းပညာအရ သာလွန်အောင် ယှဉ်ပြိုင်ရာမှာလည်း ချစ်ပ်ပြားတွေဟာ အဓိကကျတဲ့ နယ်ပယ်အဖြစ် ရှိနေပါတယ်။
ဒါကြောင့် တရုတ်စူပါကွန်ပျူတာတွေမှာ Nvidia ထုတ် AI ချစ်ပ်ကို အသုံးမပြုနိုင်အောင် အမေရိကန်ဘက်က ပို့ကုန်ထိန်းချုပ်တဲ့စာရင်းမှာ ထည့်သွင်းထားပါတယ်။
၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Nvidia ကုမ္ပဏီဟာ ကွန်ပျူတာဂိမ်းတွေမှာ လိုအပ်တဲ့ ဂရပ်ဖစ်ပိုင်းအတွက် ချစ်ပ်ပြားထုတ်လုပ်မှုနဲ့ လူသိများလာခဲ့တာပါ။
ဒီနှစ် ဇန်နဝါရီလမှာလည်း Nvidia ရဲ့ စျေးကွက်တန်ဖိုးတွေ ထိုးကျသွားခဲ့ပြီး ဒါဟာ ပြိုင်ဘက်ဖြစ်တဲ့ တရုတ်က DeepSeek အမည်ရ AI အက်ပ်တခုကို ကုန်ကျစရိတ်သက်သာစွာနဲ့ ဖန်တီးနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
Source: Reuters