
ဟောင်ကောင်စာတိုက်က ဧပြီ ၁၆ ရက်ကစပြီး အမေရိကန်နိုင်ငံဆီ ပင်လယ်ရေကြောင်းကနေ ကုန်ပစ္စည်း စာပို့ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းခဲ့ပြီး လေကြောင်းကနေ ကုန်ပစ္စည်းတွေပို့မယ့် ဝန်ဆောင်မှုကိုတော့ ဧပြီ ၂၇ ရက်ကစပြီး ဆိုင်းငံ့ထားမယ်လို့ ပြောခဲ့ပါတယ်။
ဒါဟာ အမေရိကန်ရဲ့ အနိုင်ကျင့်တဲ့ ထပ်ဆောင်းခွန်ကြောင့်လို့လည်း ပြောပါတယ်။ အမေရိကန်နိုင်ငံဆီ ကုန်ပစ္စည်းတွေ ပို့ရာမှာ ဟောင်ကောင်ပြည်သူတွေဟာ အမေရိကန်ရဲ့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အနိုင်ကျင့်မှုတွေကြောင့် အခကြေးငွေ မတန်တဆပေးဖို့ ပြင်ဆင်ထားသင့်တယ်လို့ ဟောင်ကောင်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
“ဟောင်ကောင်စာတိုက်ဟာ အမေရိကန်ကိုယ်စား ဘယ်လိုအခွန်အကောက်ကိုမှ ကောက်ခံမှာ မဟုတ်တာ သေချာပါတယ်” လို့လည်း ဟောင်ကောင်စာတိုက်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ကုန်ပစ္စည်းမပါဘဲ စာရွက်စာတမ်းတွေပါတဲ့ တခြား စာပို့ပစ္စည်းတွေ ပို့ဆောင်ရေးကိုတော့ သက်ရောက် ထိခိုက်မှာ မဟုတ်ပါဘူး။
တရုတ်နိုင်ငံရဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟောင်ကောင်ဟာ တရုတ်နိုင်ငံနဲ့ ပမာဏတူတဲ့ အခွန်စည်းကြပ်မှုကို ခံရတယ်လို့ အမေရိကန်အစိုးရက သတိပေးချက်တရပ် ထုတ်ပြန်ထားပါတယ်။
Source : Reuters