
ပီအက်စ်ဂျီအသင်းက အရင်ကနဲ့ မတူညီတဲ့ အသင်းကောင်းတသင်း ဖြစ်လာပြီလို့ အာဆင်နယ် နည်းပြ မီခေးလ် အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ပထမအဆင့်အဖြစ် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂ ရက်က ပီအက်စ်ဂျီနဲ့ တွေ့ဆုံရာမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီအသင်းက အဲဒီအချိန်တုန်းကနဲ့ မတူညီတဲ့အသင်း ဖြစ်လာပြီး နည်းပြ လူးဝစ်အင်းနရစ်ဟာလည်း အမှန်တကယ်ကောင်းမွန်တဲ့ နည်းပြဆိုတာ သိရှိပြီးသား ဖြစ်ကြောင်း နည်းပြ အာတေတာက ပြောပါတယ်။
ပီအက်စ်ဂျီဟာ အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း စွမ်းဆောင်ရည် ပိုမိုတိုးတက်လာခဲ့ပြီး ရှုံးထွက်အဆင့်မှာ လီဗာပူးအသင်းကို ကျော်ဖြတ်ခဲ့သလို ကွာတားဖိုင်နယ်မှာလည်း ဗီလာအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ လာမယ့် ဧပြီ ၃၀ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။