
စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးတဲ့နောက် မီးလောင်ပြာကျခဲ့တဲ့ မန္တလေး၊ သံလျှက်မှော် အနောက်ရပ်ကွက်က သဲကျင်းမိသားစုဝင်တွေဟာ မီးလောင်ပြင်ရှိ အရင်နေရာဟောင်းမှာ ပြန်လည်နေထိုင်လိုတယ်လို့ ပြောကြပါတယ်။
မတ် ၂၈ ရက် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ငလျင်ရော မီးဘေးဒဏ်ပါသင့်ခဲ့တဲ့ စိန်ပန်းရပ်လို့ လူသိများခဲ့တဲ့ သံလျှက်မှော်ရပ်ကွက်အနောက်ဘက်က အကွက် ၄၀၂၊ စံပြ-သဲကျင်းရပ်ကွက်က မိသားစုဝင်တွေဟာ မီးလောင်ပြင်က သူတို့နေရာဟောင်းမှာပဲ ပြန်လည်တည်ဆောက်လိုကြတာ ဖြစ်ပါတယ်။
မီးဘေးသင့် မိသားစုဝင်တယောက်က “ကျနော်တို့က ကိုယ့်နေရာလေးကိုယ် ပြန်လိုချင်တာပေါ့။ ဒါပေမဲ့ စီမံချက်က အဲ့ဒါတွေက မလာသေးဘူး ဖြစ်နေတယ်။ လှူတာတန်းတာတွေက စားဖို့သောက်ဖို့ ပြည့်စုံတယ်။ သုံးဖို့ငွေကြေးလည်း တော်တော်များများ ရပါတယ်။ ဒါပေမဲ့ နေရာပဲ။ အဓိကနေရာကတော့ ဖြစ်သလို ကျောင်းထဲ နှစ်လပဲ ပေးတာဆိုတော့ အဲဒီနောက်ပိုင်း ဘယ်လိုနေရမလဲ ကျနော်တို့က စီစဉ်ရမှာ။ အဲဒီလို အစိုးရတို့ဘာတို့ ဒီကလာတဲ့ စီမံချက်က မလာသေးဘူးလေ။ ကိုယ့်နေရာလေးကိုယ် ပြန်လိုချင်တာပေါ့ဗျာ။ နေရာလေးရရင် ကျနော်တို့က ကျေနပ်တယ်”လို့ ပြောပါတယ်။
လတ်တလော ငလျင်နဲ့ မီဘေးဒဏ်သင့်ခဲ့တဲ့ အဲဒီရပ်ကွက်သားတွေဟာ မီးလောင်ပြင်နဲ့ လမ်းမကြားမှာ တဲထိုးနေကြသလို အများစုက နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေမှာ နေကြတာဖြစ်ပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေကလည်း ၂ လလောက်ပဲ ခိုလှုံခွင့်ပေးထားတာဖြစ်လို့ အလုပ်တွေ ပြန်ဖွင့်တဲ့အခါ ကိုယ့်နေရာမှာ အိမ်ပြန်ဆောက်ဖို့အတွက် ငွေကြေးပြန်စုဆောင်းပေးမယ်လို့ ကျောင်းက ထွက်ထားတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တယောက်က ပြောပါတယ်။
“ရည်မှန်းထားတာကတော့ အလုပ်ပြန်လုပ်ဖို့ရယ်၊ အလုပ်ကြိုးစားပြီး ကိုယ့်နေရာ ကိုယ်အိမ်ဆောက်ဖို့ ပိုက်ဆံပြန်စုပြီးပေးမယ်။”
စံပြ - သဲကျင်းရပ်ကွက်မှာ မိသားစုပေါင်း ၄၀၀ ရှိပြီး အိမ်ထောင်စုအလိုက် အမှတ်စဥ်ကတ် လေးတွေ ထုတ်ဝေပေးထားတာကြောင့် လာရောက်လှူဒါန်းတဲ့အလှူ ပစ္စည်းတွေကိုလည်း အမှတ်စဥ်အလိုက် တန်းစီရယူကြတာ ဖြစ်ပါတယ်။
စစ်ကိုင်းငလျင်နောက်ဆက်တွဲ ပျက်စီးမှုတွေအတွက် အကူညီပေးနေတဲ့ Global Christian Relief (GCR) ကယ်ဆယ်ရေးအဖွဲ့ကလည်း ငလျင်ဘေးသင့်ဒေသတွေကို လာရောက် လေ့လာနေပြီး မြန်မာပြည်ရှိ ဒုက္ခရောက်နေသူတွေအတွက်ကူညီပေးဖို့ ကြိုးစားနေတယ်လို့ GCR အဖွဲ့ဝင် အမေရိကန်နိုင်ငံသားတယောက် ပြောပါတယ်။
စစ်ကိုင်းငလျင်ကြီးကြောင့် အများဆုံးထိခိုက်ခဲ့တဲ့မန္တလေးမြို့မှာ အဆောက်အအုံတွေရဲ့ ၄၀ ရာခိုင်နှုန်းပျက်စီးခဲ့တယ်လို့ မန္တလေးစည်ပင်က ထုတ်ပြန်ထားပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတဝန်းမှာ ဧပြီ ၁၆ ရက်အထိ သေဆုံးသူ ၅,၀၀၀ နီးပါးရှိလာပြီး မန္တလေးတိုင်းမှာ သေဆုံးသူ အများဆုံး ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။
ဟန်န