
သင်္ကြန်ကာလအတွင်း ဧရာဝတီတိုင်းထဲက ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေမှာ လာရောက် အပန်းဖြေ ရေကစားသူတွေ များပြားနေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကနေ အတက်နေ့ ဧပြီ ၁၆ ရက်အထိ ဧရာဝတီတိုင်းထဲက ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေကို ဧရာဝတီတိုင်းက အပန်းဖြေလာသူတွေအပြင် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးဘက်ကလာတဲ့ ခရီးသွားတွေ များနေတယ်လို့ ဆိုပါတယ်။
ခရီးသွားလုပ်ငန်း တာဝန်ခံတယောက်က “ဧရာဝတီတိုင်းနဲ့ ရန်ကုန်ကနေ လာတဲ့သူတွေ ပိုများနေတယ်။ ညအိပ်လာတဲ့သူတွေကို များနေတာ။ ဘောမိတိုက်ပွဲ ဖြစ်ပြီးကတည်းက ခြောက်ကပ်နေတဲ့ ကမ်းခြေတွေ အခု တော်တော်စည်ကားနေတာ” လို့ ပြောပါတယ်။
ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေ အဝင်အထွက်နေရာတွေနဲ့ ကမ်းခြေတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လက်နက်အပြည့်နဲ့ လုံခြုံရေးယူထားပြီး ခရီးသွားဧည့်သည်တွေထဲက အမျိုးသားတွေကို မှတ်ပုံတင်နဲ့ ထောက်ခံစာတွေကို အဓိက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်တယောက်က “ဖမ်းတာတော့ မတွေ့မိသေးဘူး။ မသင်္ကာလို့ဆိုပြီး ယောကျ်ားလေးတွေကို ၂ နာရီ ၃ နာရီကြာတဲ့အထိ ခေါ်ခေါ်စစ်နေတာ တွေ့ရတယ်။ ခရီးသွားဧည့်သည်တွေလာတော့ ကမ်းခြေအခြေပြု စီးပွားရေးလုပ်ငန်းအတွက် အဆင်ပြေတာပေါ့” လို့ ပြောပါတယ်။
ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေမှာ လာရောက်အပန်းဖြေသူတွေ များနေပေမဲ့ အရင်နှစ်တွေကလို ဘောက်စက်တွေဖွင့် ကခုန်တာတွေ၊ ဂိမ်းကစားတာတွေ၊ အဆိုတော်တွေနဲ့ ဟိုတယ်တွေက ဖျော်ဖြေတာတွေ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေမှာ ခရီးသွားဧည့်သည်တွေ မရှိသလောက် ဖြစ်ခဲ့ပြီး ဟိုတယ်တွေပါ ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ခရီးသွား လုပ်ငန်းရှင်တွေဆီက သိရပါတယ်။