Home
မြန်မာသတင်း
မန္တလေးတွင် မိုးကြီးပြီးရေလျှံနေ၊ ဆည်တော်ကြီးဒေသ မိုးသည်းထန်နိုင်
DVB
·
April 15, 2025
mandalay raining

မန္တလေးမှာ ဧပြီ ၁၅ ရက် ဒီနေ့ ညနေပိုင်းက မိုးသည်းသည်းထန်ထန်ရွာပြီး တချို့နေရာတွေမှာ ရေကြီးရေလျှံဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်နိုင်က မန္တလေးမြို့မြောက်ဘက် ဆည်တော်ကြီးဒေသမှာ ဧပြီ ၁၆ ရက်ညနေကနေ ၂၄ နာရီအတွင်း မိုးအင်မတန်သည်းထန်နိုင်တာကြောင့် သတိပြုဆင်ခြင်ကြဖို့ ဒီမနက်အစောပိုင်းက သတိပေးပြောထားပါတယ်။

ဧပြီ ၁၆ ရက် ညနေ ၅ နာရီကနေ ဧပြီ ၁၇ ရက် ညနေ ၅ နာရီအတွင်းမှာ မိုးအင်မတန်သည်းထန်နိုင်တယ်လို့ ခန့်မှန်းထားပြီး စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်ကနေ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်တာ၊ အပူပျံတက်တိမ်တွေဖြစ်ပြီး မွန်းလွဲနဲ့ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်တာကြောင့် လေပြင်းတိုက်ခတ်တာ၊ လေပြင်းနဲ့အတူထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျားမိုးထစ်ချုန်းရွာတာတို့ဖြစ်နိုင်ပြီး လေပြင်းတိုက်တုန်းမှာ မြေပြင် ရေပြင်လေဟာ တနာရီကို မိုင် ၄၀ ကနေ ၅ဝ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၅ ရက် ဒီနေ့ညနေပိုင်းမှာပဲ မန္တလေးမှာ မိုးသည်းသည်ထန်ထန်ရွာလို့ တချို့နေရာတွေမှာ ရေလျှံခဲ့ပြီး စိန်မိုင်ကယ်(သံ၀င်း) ဘုရားကျောင်း၀င်းမှာလည်း ရေဝင်တာကြောင့် ငလျင်ဘေးလာရောက်ခိုလှုံနေကြသူတွေ နေစရာအခက်အခဲဖြစ်နေတယ်လို့ RVA Myanmar က ဖော်ပြထားပါတယ်။

မကြာမီရောက်လာတော့မယ့် မိုးကြိုကာလနဲ့မိုးဦးကာလအတွင်း ဖြစ်ပေါ်တတ်တဲ့ မုန်တိုင်းတွေရဲ့ အန္တရာယ်က လတ်တလောသဘာဝဘေးဒဏ်သင့်နေတဲ့ အခြေအနေကို ပိုဆိုးသွားစေနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“နောက်တနည်းပြောရရင် နက်ရှိုင်းစွာကွဲအက်နေသော ငလျင်ဒဏ်သင့်ဒေသများမှ မြေအခြေအနေကို ပိုမိုဆိုးရွားစေနိုင်သည်က နောက်ဆက်တွဲငလျင်ငယ်များနှင့် ပင်လယ်ပြင်မှ ထူးခြားသော မိုးလေဝသအခြေအနေများမှ ဖြစ်ပေါ်လာစေတဲ့ မိုးများနိုင်သောအခြေအနေ ဖြစ်ပါတယ်။ ငလျင်ဒဏ်သင့်ဒေသများမှာဖြစ်ပေါ်တဲ့ မြေအောင်းရေတိုးခြင်း(Liquefaction) ကို ပိုဆိုးစေနိုင်ပါမယ်" လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဧပြီ ၁၆ ရက်ကနေ မေ ၁၅ ရက်အတွင်း၊ မိုးဦးကာလဖြစ်တဲ့ မေ ၁၆ ကနေ ဇွန် ၃၀ ရက်အတွင်းမှာ အဖျက်စွမ်းအားကြီးတဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေဖြစ်လာတတ်ပြီး အားပျော့နေသယောင်နဲ့ ရုတ်တရက်အင်အားကောင်းလာတတ်တာကလည်း သတိထား စောင့်ကြည့်စရာတခု ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မှတ်တမ်းတွေအရ ၂၀၀၄ မှာတိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၆ ကနေ ၁၉၊ ၂၀၀၆ ဆိုင်ကလုန်းမုန်တိုင်း Mala ဟာ ဧပြီ ၂၅ ကနေ ၂၉၊ ၂၀၀၈ ဆိုင်ကလုန်းမုန်တိုင်း Nagis ဟာ  ဧပြီ ၂၇ ကနေ မေ ၃၊ ၂၀၀၉ ဆိုင်ကလုန်းမုန်တိုင်း Aila ဟာ မေ ၂၅ ကနေ ၂၇၊ ၂၀၂၀ ဆိုင်ကလုန်းမုန်တိုင်း Amphan ဟာ မေ ၁၆ ကနေ ၂၁၊ ၂၀၂၁ ဆိုင်ကလုန်းမုန်တိုင်း Tauktae ဟာ မေ ၁၄ ကနေ ၁၉၊ ၂၀၂၂ ဆိုင်ကလုန်းမုန်တိုင်း Asani ဟာ မေ ၇ ကနေ ၁၂၊ ၂၀၂၃ ဆိုင်ကလုန်းမုန်တိုင်း Mocha မေ ၉ ကနေ   ၁၅၊  ၂၀၂၄ ဆိုင်ကလုန်းမုန်တိုင်း Remal ဟာ မေ ၂၄ ကနေ ၂၈ ရက်တို့မှာ ဖြတ်သန်း တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013