Home
မြန်မာသတင်း
စစ်ကိုင်းငလျင်ကြီး ကြောင့် မြေရွေ့သွားပုံ NASA ထုတ်ပြန်
DVB
·
April 15, 2025
Photo: NASA

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မြေရွေ့သွားပုံကို အမေရိကန် အာကာသအေဂျင်စီ (NASA )  ပညာရှင်တွေက ပုံထုတ်ပြန်လိုက်ပါတယ်။

ပုံမှာကြည့်ရင် အနီရောင် အစက်အပြောက်တွေက မြောက်ဘက်ကို ရွေ့သွားတာကို ပြပြီးတော့ အပြာရောင် အစက်အပြောက်တွကတော့ တောင်ဘက်ကို ရွေ့သွားတာကို ဖော်ပြပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက်မှာ ၃ မီတာ (၁၀ ပေ ကျော်) မြေရွဲ့စောင်းသွားတာကို ဒီမြေပုံမှာ အဓိက မီးမောင်းထိုးပြထားပြီးတော့ တချို့နေရာတွေမှာဆိုရင် စုစုပေါင်း ၆ မီတာကျော်အထိ မြေရွဲ့စောင်းသွားတာမျိုးလည်းတွေ့ရတယ်လို့ ဆိုပါတယ်။

၁၉၀၀ ပြည့်နှစ်နောက်ပိုင်း မတ် ၂၈ ရက် ငလျင်ဗဟိုချက်တွေကနေ ကီလိုမီတာ ၂၅၀ (မိုင် ၁၅၀) အတွင်း အင်အား ၇ အထက်ရှိတဲ့ ငလျင်ကြီး ၆ ခု လှုပ်ခတ်ခဲ့ပါတယ်။

မတ် ၂၈ ရက် ငလျင်တွေကြောင့် ဖြစ်ပေါ်တဲ့ မြေပြင်အက်ကြောင်း (rupture) ဟာ အရှည်အားဖြင့် ကီလိုမီတာ ၅၅၀ (၃၄၂ မိုင်) အထိ ရှိတယ်လို့ တွက်ချက်ထားပြီး ဒီအက်ကြောင်းကြီးဟာ မှတ်တမ်းတင်နိုင်သမျှ မြေပြင်အက်ကြောင်းတွေထဲမှာ အရှည်ဆုံးလည်း ဖြစ်ပါတယ်။

မတ် ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ မှာအင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက် ၁၂ မိနစ်အကြာမှာတော့  အင်အား ၆ ဒသမ ၇ ရှိတဲ့ ငလျင်ထပ်လှုပ်ခဲ့တာဖြစ်ပါတယ်။ 

စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ အနက် ၁၀ ကီလိုမီတာ (၆ မိုင်) ကို မြစ်ဖျားခံတဲ့ ဒီငလျင်ကြီးတွေကြောင့် ဗဟိုချက်အနီး အဆောက်အအုံတွေ ပျက်စီးပြိုလဲခဲ့ပါတယ်။ ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၀၀) အထိဝေးတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်အထိ သက်ရောက်မှုရှိခဲ့ပါတယ်။

ဒီမြေပုံဟာ နာဆာ Jet Propulsion Laboratory  (JPL) ကAdvanced Rapid Imaging and Analysis (ARIA)   နဲ့  မြေရွဲ့စောင်းမှု တိုင်းတာရာမှာ နောက်ဆုံးပေါ်နည်းပညာတွေ ဖန်တီးထားနိုင်တဲ့ ကာလီဖိုးနီးယားနည်းပညာတက္ကသိုလ်၊ ငလျင်ပညာရပ်ဆိုင်ရာဓာတ်ခွဲခန်းတို့ က အချက်အလက်တွေကို အခြေခံထုတ်ပြန်ထားတာဖြစ်ပါတယ်။။

ARIA အဖွဲ့ဟာ ဥရောပအာကာသအေဂျင်စီ (ESA) ရဲ့ Copernicus Sentinel-1A နဲ့ Sentinel-2B/C  ဂြိုဟ်တုတွေက ရတဲ့ ပုံရိပ်တွေကို ရယူတွက်ချက်တာလည်းဖြစ်ပါတယ်။

ဒီငလျင်တွေဟာ အိန္ဒိယနဲ့ ယူရေးရှား ကျောက်လွှာချက်တွေဆုံရာ တောင်မြောက်ဦးတည်တဲ့ စစ်ကိုင်းပြတ်ရွေ့တလျှောက်လျှောပြီးပြတ်တဲ့၊ ဘေးတိုက်ပြတ်တဲ့ (strike-slip) လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ငလျင်တွေလို့ အမေရိကန်ဘူမိတိုင်းတာရေး (USGS) က ခန့်မှန်းထားပါတယ်။

Photo: NASA 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013