
ရုရှားက ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်အပြီး ဧပြီ ၁၃ ရက် မနက်ပိုင်းက ယူကရိန်းနိုင်ငံ မြောက်ပိုင်း ဆူမီမြို့ရဲ့ လမ်းမတွေပေါ်မှာ အလောင်းတွေ ပြန့်ကြဲနေပါတယ်။
ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အကြောင်းကို ဆူမီမြို့တော်ဝန်က ဧပြီ ၁၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း လူ ၂၁ ယောက်ထက်မနည်း သေဆုံးပြီး ၈၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး အီဟိုး ကလီမန်ကိုက ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အခုနှစ်အတွင်း ယူကရိန်းအပေါ် အသေအပျောက်အ များဆုံး တိုက်ခိုက်မှုတခုဖြစ်တဲ့ အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ရုရှားအစိုးရအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။
“လူဆိုးတွေသာ ဒီလိုလုပ်နိုင်တယ်။ သာမန်ပြည်သူတွေရဲ့ အသက်ကို နုတ်ယူသွားတာ” လို့ ဆိုရှယ်မီဒီယာမှာ ဇလန်းစကီးက ရေးပါတယ်။
မြေပြင်ပေါ်မှာ လူသေအလောင်းတွေ၊ ပျက်စီးသွားတဲ့ ဘတ်စ်ကားတစီးနဲ့ မြို့လမ်းမအလယ်မှာ မီးလောင်သွားတဲ့ ကားတွေကို ပြထားတဲ့ ဗီဒီယိုကိုလည်း လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။
“ဒီနေ့က လူတွေ ဘုရားကျောင်းသွားမယ့်နေ့၊ Palm Sunday၊ ဂျေရုဆလင်မြို့ထဲကို ဘုရားသခင် ဝင်ရောက်တဲ့ပွဲ” လို့လည်း ဇလန်းစကီးက ပြောပါတယ်။
လေကြောင်းကနေ တိုက်ခိုက်ခံရချိန်မှာ သေဆုံးသူတွေဟာ လမ်းပေါ်၊ ကားပေါ်၊ ဘတ်စ်ကားတွေ ရထားတွေပေါ်နဲ့ အဆောက်အအုံတွေထဲမှာ ရှိနေကြတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
Source : Reuters