Home
မြန်မာသတင်း
မြန်မာ့ငလျင်ဘေး ကူညီရန်လာသည့် အိန္ဒိယ ကယ်ဆယ်ရေးလေယာဉ် ဆိုက်ဘာတိုက်ခိုက်ခံရ
DVB
·
April 14, 2025
Photo : MEAINDIA

မြန်မာ့ငလျင်ဘေးအတွက် ကူညီပေးဖို့လာတဲ့ အိန္ဒိယလေတပ် လေယာဉ်တစင်းဟာ ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး India Today သတင်းမှာ ဧပြီ ၁၃ ရက်က ဖော်ပြပါတယ်။

ဒါဟာ အိန္ဒိယအစိုးရရဲ့ Operation Brahma ကယ်ဆယ်ရေးမစ်ရှင်အနေနဲ့ C-130J လေတပ်လေယာဉ်က မြန်မာနိုင်ငံအပေါ် ဖြတ်ကျော်ပျံသန်းချိန်မှာ ဂြိုဟ်တုအခြေခံ ကမ္ဘာ့တည်နေရာပြစနစ် (GPS) အတုအယောင်တွေနဲ့ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

GPS spoofing ကတော့ စနစ်တွေကို ရှုပ်ယှက်ခတ်စေဖို့ အချက်ပြမှုအတုတွေနဲ့ အစစ်အမှန် ဂြိုဟ်တုဒေတာကို အစားထိုးတဲ့ ဆိုက်ဘာတိုက်ခိုက်မှု အမျိုးအစားတခုဖြစ်ပြီး အချိန်နဲ့တပြေးညီ ကိုသြဒိနိတ်တွေကို ပြောင်းလဲစေတဲ့အပြင် လေယာဉ်ရဲ့ ပျံသန်းမှု လမ်းပြစနစ်ကို လွဲမှားစေတယ်လို့လည်း ပြောပါတယ်။

ဒီအခြေအနေမှာတော့ အိန္ဒိယလေတပ် လေယာဉ်မှူးတွေက မြန်မာလေပိုင်နက်အတွင်းကနေ ဘေးကင်းစွာ သွားလာမှု သေချာစေရေးအတွက် တိကျသေချာတဲ့ အတွင်းပိုင်း သွားလာမှုစနစ် (INS) ဆီ ချက်ချင်းပြောင်းနိုင်ခဲ့တဲ့အကြောင်းလည်း ကာကွယ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အလားတူ ဆိုက်ဘာတိုက်ခိုက်မှုမျိုးတွေကို အိန္ဒိယနဲ့ ပါကစ္စတန် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားခဲ့ဖူးပြီး သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ၄၆၅ မှုအထိ ဖြစ်ပွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်သေဆုံးမှုတွေအတွက် အိန္ဒိယအစိုးရက ရှာဖွေကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ၊ ဆေးဝါးအကူအညီတွေ အပါအဝင် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးအပ်ဖို့ Operation Brahma ကယ်ဆယ်ရေးမစ်ရှင်ကို စတင်ခဲ့တာပါ။

လတ်တလောအချိန်ထိ အိန္ဒိယနိုင်ငံက မြန်မာ့ငလျင်ဘေးအတွက် လေယာဉ် ၆ စီး၊ ရေတပ်သင်္ဘော ၅ စင်းတို့ကို အသုံးပြုပြီးတော့ ရွက်ဖျင်တဲတွေ၊ စောင်တွေ၊ မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအစာတွေ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့ထားပါတယ်။

Source : India Today

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013