Home
နိုင်ငံတကာ
ဂါဇာဆေးရုံကို အစ္စရေး ဒုံးကျည်ဖြင့်တိုက်ခိုက်
DVB
·
April 14, 2025
Photo : Reuters

ဂါဇာမြို့မြောက်ပိုင်းက အယ်လ်အလီဆေးရုံကို အစ္စရေးတပ်ဖွဲ့ဝင်တွေက ဧပြီ ၁၃ ရက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ဖျားနာပြီး ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ ဆရာဝန်တွေ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြပါတယ်။

အစ္စရေး ဒုံးကျည် ၂ စင်းက ဂါဇာကမ်းမြောင်မှာရှိတဲ့ အယ်လ်အလီ အာရပ်နှစ်ခြင်းဆေးရုံရဲ့ အဆောက်အအုံတခုကို ထိမှန်ခဲ့ပြီး အရေးပေါ်ဌာနနဲ့ ဧည့်ခံဌာနတို့အပြင် တခြား အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ ဆေးပညာရှင်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဆေးရုံက ကျန်းမာရေးအရာရှိတွေက တိုက်ခိုက်မခံရခင်လေးမှာ အစ္စရေးလုံခြုံရေးတွေနဲ့ ပတ်သက်တဲ့ လူတယောက်ဆီက ဖုန်းခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့လို့ လူနာတွေကို အဆောက်အအုံကနေ ကယ်ထုတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီဖြစ်ရပ်မှာ ထိခိုက်သေဆုံးသူ မရှိဘူးလို့ အရပ်ဘက် အရေးပေါ်ဌာနက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးကတော့ မှတ်ချက်မပေးပါဘူး။

ဂါဇာကမ်းမြောင် အလယ်ပိုင်းက နူဆေးရတ် ဒုက္ခသည်စခန်းနဲ့ တောင်ပိုင်းက ခန်းယူနစ်မြို့တို့မှာ နေသူတွေကို ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်က အမိန့်အသစ် ထုတ်ပြန်ပြီးတဲ့နောက် ခုလိုတိုက်ခိုက်ခဲ့တာပါ။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ရောက်နေချိန် ခုလို တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အကြွင်းအကျန်တွေကို ဖျက်သိမ်းဖို့ စနစ်ကျတဲ့ အစီအစဉ်တရပ်အဖြစ် ဂါဇာကမ်းမြောင်ဒေသက ဆေးရုံ ၃၄ ရုံကို အစ္စရေးက တမင်တကာ ဖျက်ဆီးခဲ့တယ်လို့ ဟားမတ်စ်တွေ ကြီးကြပ်တဲ့ အစိုးရမီဒီယာရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကိုလည်း စက်ဆုပ်ရွံရှာစရာ ဆိုးရွားတဲ့ ရာဇဝတ်မှုလို့ ပြောဆို ပြစ်တင်ခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်း ၅၀,၉၁၂ ယောက်ထက်မနည်း သေဆုံးပြီး ၁၁၅,၉၈၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူပေါင်း ထောင်နဲ့ချီရှိပြီး သူတို့ သေဆုံးပြီလို့ အစိုးရမီဒီယာရုံးက ယူဆထားလို့ စုစုပေါင်း အမှန်တကယ် သေဆုံးသူဦးရေ ၆၁,၇၀၀ ကျော်ရှိပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ လူ ၁,၁၃၉ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၂၀၀ ကျော်ကို ဟားမတ်စ်တွေက ဖမ်းဆီးထားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013