
ဂါဇာမှာရှိတဲ့ အရပ်သားတွေကို အစ္စရေးက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတောင်ပိုင်းက မြို့တွေကို ဒုံးကျည်တွေနဲ့ ဧပြီ ၆ ရက်က ပစ်ခတ်ခဲ့တယ်လို့ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့က ပြောပါတယ်။
ဒုံးကျည် ၁၀ စင်းလောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပေမဲ့ အများစုကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံ တောင်ပိုင်း အက်ရှ်ခလွန်မှာ ဒုံးကျည် တိုက်ရိုက်ထိမှန်ခဲ့တယ်လို့ အစ္စရေးရဲ့ Channel 12 သတင်းဌာနက သတင်းပေးပို့ခဲ့ပါတယ်။
ကျည်ဆန်ဒဏ်ရာတွေ ရထားတဲ့ လူတယောက်ကို ကုသပေးနေပြီး အဖွဲ့တွေဟာ ဒုံးကျည်ကျတဲ့ နေရာ လမ်းကြောင်းပေါ် ရောက်နေတယ်လို့ အစ္စရေး အရေးပေါ်ဌာနက ပြောပါတယ်။
ကားပြတင်းပေါက်တွေ ကွဲနေပြီး မြို့လမ်းမပေါ်မှာ အပျက်အစီးတွေ ပြန့်ကျဲနေတာကို အစ္စရေး အရေးပေါ်ဌာနက ဖြန့်ဝေတဲ့ ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ဟာ ၁၅ လကြာ စစ်ပွဲအပြီး ဇန်နဝါရီ ၁၉ ရက်မှာ အသက်ဝင်ခဲ့ပြီး တိုက်ပွဲတွေရပ်တန့်ရေး၊ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေကို လွှတ်ပေးရေး၊ ပါလက်စတိုင်း အကျဉ်းသားတချို့ လွှတ်ပေးရေးတို့ ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ဂါဇာကမ်းမြောင်အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မြေပြင်စစ်ဆင်ရေးတွေ ပြန်စပြီလို့ အစ္စရေးက မတ် ၁၉ ရက်မှာ ပြောခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေလို့ နှစ်ဖက်စလုံးက အချင်းချင်း အပြစ်တင်နေကြပါတယ်။
ဂါဇာမှာ အစ္စရေးရဲ့ ထိုးစစ်ကြောင့် ပါလက်စတိုင်း ၅၀,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။
ဟားမတ်စ် ဦးဆောင်တဲ့ သေနတ်သမားတွေက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ တိုက်ခိုက်လို့ အစ္စရေးတောင်ပိုင်းက လူပေါင်း ၁,၂၀၀ လောက် သေဆုံးပြီး ၂၅၁ ယောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။
Source : Reuters