
တကယ်လို့ ဟားမတ်စ်အဖွဲ့ဟာ သူတို့ဖမ်းဆီးထားတဲ့ ကျန်ရှိ ဓားစာခံတွေကို လွှတ်ပေးဖို့ ပျက်ကွက်ရင် အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို သိမ်းယူမယ်လို့ အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက မတ် ၂၆ ရက်မှာ ပြောပါတယ်။
ကနက်ဆတ် အစ္စရေးပါလီမန်မှာ နေတန်ယာဟုက မိန့်ခွန်းပြောကြားချိန် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဂါဇာမှာ ရာနဲ့ချီတဲ့ ပါလက်စတိုင်းသားတွေဟာ ဟားမတ်စ်ကို ကြွေးကြော်သံတွေနဲ့ ဆန့်ကျင်ကန့်ကွက် မောင်းထုတ်နေတာကို ပြထားတဲ့ ဗီဒီယိုတွေကို မှတ်ချက်ပေး ပြောကြားလိုက်တာပါ။
ဒါဟာ ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ကို ရှားရှားပါးပါး လူသိရှင်ကြား ဆန့်ကျင်ဆန္ဒပြကြတာ ဖြစ်ပါတယ်။
နေတန်ယာဟုက “ဟားမတ်စ်လိုလားတဲ့ ဆန္ဒပြပွဲတွေကို ဥရောပမြို့တော်တွေ၊ ကျောင်းဝင်းတွေ၊ အမေရိကန်မှာ တွေ့ခဲ့ရပေမဲ့ ဟားမတ်စ် အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဂါဇာကမ်းမြောင်မှာ ကြီးမားပွင့်လင်းတဲ့ ဆန္ဒပြပွဲတွေက အရင်က တခါမှ မမြင်ခဲ့ရဘူးတဲ့ ကိစ္စပါ။ ဒါကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ လုပ်ဆောင်နေတဲ့ ထိုးစစ်ဆင်နေမှုကို သက်တမ်းတိုးတဲ့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်က အလုပ်ဖြစ်တယ်ဆိုတာ ဒီဆန္ဒပြပွဲတွေက သက်သေပြနေတာပဲ” လို့လည်း ပြောပါတယ်။
နေတန်ယာဟုက ဓားစာခံအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဓားစာခံတွေကို မလွှတ်ပေးရင် အစ္စရေးက အင်အားပိုမို ဖြန့်ကြက်သွားမယ်လို့လည်း ပြောကြားထားပါတယ်။
ဂါဇာကမ်းမြောင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ကျန်ရှိ ဓားစာခံတွေကို လွှတ်ပေးဖို့ ဟားမတ်စ်တွေက ငြင်းဆိုလေလေ အစ္စရေးက နယ်မြေသိမ်းယူမယ့် အလားအလာ အပါအဝင် ဖိနှိပ်မှု အားကောင်းလေလေ ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။
ဒါက နယ်မြေသိမ်းတာ အပါအဝင် တခြားအရာတွေလည်း ပါ၀င်ပါတယ်လို့လည်း နေတန်ယာဟုက ပြောပါတယ်။
အစ္စရေးပါလီမန်မှာ နေတန်ယာဟု မိန့်ခွန်းပြောနေချိန် အခါအားလျော်စွာ အတိုက်အခံ အဖွဲ့ဝင်တွေက ကြွေးကြော်သံတွေနဲ့ ကြားဖြတ်နှောင့်ယှက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ကို “ဒုက္ခဖန်တီးသူ” လို့ လှမ်းအော်လိုက်သူတယောက် လွှတ်တော်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။
Source : Reuters