Home
နိုင်ငံတကာ
အမေရိကန်လေကြောင်းတိုက်ခိုက်မှုအပေါ်  ယီမင်မြို့တော်တွင် ဆန္ဒပြ
DVB
·
April 12, 2025
Photo :Reuters

ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ် နယ်မြေဧရိယာတွေကို အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး  မြို့တော် ဆာနားမှာ ဧပြီ ၁၁ ရက်က  ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ မြို့တော်ဆာနာနဲ့ အနောက်ပိုင်း အယ်လ်ဟူဒီဒါပြည်နယ် အုပ်ချုပ်ရေးနယ်မြေတို့မှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ယီမင်ရှိ ဟူသီအုပ်စုက  မနေ့ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အဲဒီလေယာဉ်တွေရဲ့ တိုက်ခိုက်မှုကို အတည်မပြုနိုင်သေးပေမဲ့ အမေရိကန် B-2 ဗုံးကြဲလေယာဉ်တွေဟာ ယီမင်လေပိုင်နက်အတွင်းကို ဝင်ရောက်ပြီး ပြည်နယ်အများအပြားကို ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း အဖွဲ့က ပြောကြားခဲ့ပါတယ်။ 

မနေ့က မြို့တော်ဆာနားတောင်ပိုင်းရှိ ဆဲဗင်းတိရင်ပြင်က လူထုဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေဟာ ယီမင်နဲ့ ပါလက်စတိုင်းအလံတွေ လွှင့်တင်ခဲ့ပြီးတော့ အရပ်ဖက်အခြေခံအဆောက်အအုံတွေကို ပိုမိုပစ်မှတ်ထားလာတဲ့ အမေရိကန်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ဟူသီမီဒီယာ အကြီးတန်းအရာရှိ အဗ္ဗဒူလ်ရာမန် အလ်-အာမိုနီက  “လမ်းတွေပေါ်မှာ ဒီလောက် များများစားစား ဆန္ဒထွက်ပြကြတာဟာ အမေရိကန်ရဲ့ ရန်လိုမှုကို တိုက်ရိုက် တုံ့ပြန်မှုပါပဲ။ အမေရိကန်က အရပ်သားတွေနဲ့ အရပ်ဘက် အဆောက်အဦတွေကို ပစ်မှတ်ထားပြီးတော့ ဂါဇာကမ်းမြောင်ဒေသအတွက် ယီမင်ပြည်သူတွေရဲ့ ထောက်ခံမှုကို ယိမ်းယိုင်သွားအောင် ကြိုးစားနေပေမဲ့ အချည်းနှီးပါပဲ။ ဂါဇာကမ်းမြောင်ဒေသအတွက် ပံ့ပိုးကူညီမှုတွေ ဆက်ရှိနေမှာဖြစ်ပြီး အမေရိကန်ရဲ့ လုပ်ရပ်တွေကို အရှိန်မြှင့်ပြီး တုံ့ပြန်သွားမှာပါ” လို့ ပြောပါတယ်။  

ဟူသီတွေနဲ့ အမေရိကန်တပ်ဖွဲ့တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ လတ်တလော ရက်သတ္တပတ်တွေအတွင်း ပိုမိုပြင်းထန်လာခဲ့ပြီး အမေရိကန်စစ်လေယာဉ်တွေဟာ မြို့တော် ဆာနားအပါအဝင် ဟူသီထိန်းချုပ် နေရာအများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson ဟာ ပင်လယ်နီကို ရောက်ရှိလာခဲ့ပြီး ဒေသတွင်းမှာ တပ်စွဲထားပြီးဖြစ်တဲ့ USS Harry S. Truman နဲ့ လာရောက်ပူးပေါင်းခဲ့ပါတယ်။

ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ဟူသီတွေဟာ အမေရိကန်ရေတပ် ပိုင်ဆိုင်မှုတွေအပေါ် တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။

ဟူသီအဖွဲ့ဟာ ရန်လိုတဲ့ တပ်ဖွဲ့တွေကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးအသစ်တွေ ပြုလုပ်ခဲ့ကြောင်း ဟူသီစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီး က သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး USS Harry S. Truman သင်္ဘောကို တိုက်ခိုက်မှု အပါအဝင် အစ္စရေး မြို့တော်ဂျက်ဖှာ ရှိ စစ်ဘက်ဆိုင်ရာ နေရာ ၂ ခုကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခြင်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024