
အမေရိကန်ပြည်ထောင်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်နိုင်ငံ ဆာနာမြို့တော်မှာ လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ယီမင်ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး အယ်လ်ဂျာဇီးယား သတင်းဌာနက ဧပြီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မြို့တော်မှာ တနင်္ဂနွေနေ့က တိုက်ခိုက်မှုတွေကြောင့် နေအိမ်တလုံး ထိမှန်ခဲ့ပြီး အမျိုးသမီး ၄ ယောက်နဲ့ ကလေးငယ်တွေ အပါအဝင် တခြားလူ အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြို့တော် အနောက်ဘက် ဘာနီမာတာခရိုင်က အယ်လ်ဂျာဘယ်လ်အယ်လ်အဲ့ဝဒ် ရပ်ကွက်ကို အမေရိကန် စစ်လေယာဉ်တွေက လေကြောင်းကနေ နောက်ထပ် ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး အသေအပျောက် အသေးစိတ်ကို မသိရသေးပါဘူး။
အီရန်နဲ့ မဟာမိတ် ဟူသီသူပုန်တွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ ယီမင်နိုင်ငံ အနောက်မြောက်ပိုင်း ဆားဒါမြို့နားကို ဧပြီ ၅ ရက် နှောင်းပိုင်းက အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်လို့ လူ ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၆ ရက်မှာ ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပျက်စီးသွားတဲ့ ဆိုလာပြား ဒါဇင်များစွာနဲ့ မြေပြင်အနှံ့ ပြန့်ကျဲ ပျက်စီးနေတဲ့ နှစ်ထပ်အဆောက်အအုံကို မြင်တွေ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ မတ် ၁၅ ရက်ကတည်းက ယီမင်နိုင်ငံကို အကြီးမားဆုံး စစ်ရေးတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေက အမေရိကန် စစ်သင်္ဘောတွေ အပါအဝင် ပင်လယ်နီအတွင်း ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်တာ စွန့်လွှတ်ဖို့ အီရန် မဟာမိတ် ဟူသီတွေကို တွန်းအားပေးဖို့ ရည်ရွယ်တာလို့လည်း ဆိုပါတယ်။
ဟူသီတွေဟာ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေနဲ့ သွေးစည်းတယ်လို့ပြောရင်း အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နှောင်းပိုင်းကစပြီး သင်္ဘောတွေကို တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော် ပြုလုပ်ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကို အနှောင့်အယှက်ဖြစ်စေပြီး ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ ငွေကုန်ကြေးကျများတဲ့ စစ်ဆင်ရေးတခုကို အမေရိကန်စစ်တပ်က အစပျိုးခဲ့ပါတယ်။
အမေရိကန်ရဲ့ စစ်ဆင်ရေးကို တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်သွားမယ်လို့ ဟူသီခေါင်းဆောင်တွေက ပြောထားပါတယ်။