
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး အပျက်အစီးများခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့ ပို့ကုန်တွေဖြစ်တဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေရဲ့ ဝယ်လိုအား သိသိသာသာတိုးလာမယ်လို့ ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး The Nation ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ငလျင်ဘေးအလွန် မြန်မာနိုင်ငံမှာ မရှိမဖြစ်လိုအပ်နေတဲ့ ထောက်ပံ့မှုတွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ ဖြည့်ဆည်းဖို့ ကြိုးပမ်းနေတာကြောင့် ဧပြီလကနေစတင်ပြီး ကုန်သွယ်မှုမြှင့်တက်နိုင်မယ်လို့ နိုင်ငံခြားကုန်သွယ်မှုဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အများအပြားရှိခဲ့ပေမဲ့ ထိုင်း-မြန်မာနယ်စပ်ရှိ ခရိုင်စီးပွားရေးရုံးတွေရဲ့ ပြောဆိုချက်အရ လမ်းတံတားတွေ ပိတ်ထားတာမရှိသလို သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လူအိမ်တွေ၊ အဆောက်အအုံတွေ၊ လမ်းတံတားတွေ အကြီးအကျယ် ပျက်စီးသွားခဲ့တာဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်လုပ်နေပြီဖြစ်ပါတယ်။
Source: The Nation