Home
မြန်မာသတင်း
မြိတ်ထောင်တွင် အကျဥ်းသားများ အစားအသောက်အခက်အခဲဖြစ်နေ
DVB
·
April 12, 2025

မြိတ်အကျဥ်းထောင်မှာ အကျဥ်းသားတွေ အစားအသောက်အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ အကျဥ်းသားဟောင်းတွေနဲ့ အကျဥ်သားမိသားစုဝင်တွေဆီက သိရပါတယ်။

မြိတ်ထောင်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဝက်လောက်ကစပြီး ထောင်အာဏာပိုင်တွေက အသားဟင်းကျွေးတဲ့နေ့တွေမှာ ကြက်ဥအစား မလတ်ဆတ်တဲ့ ငါးတွေကို အစားထိုးလာတယ်လို့ အကျဥ်းသားဟောင်းတွေက ပြောပါတယ်။

အကျဥ်းသားဟောင်းတယောက်က “ကျနော်မထွက်လာခင် ကြက်ဥကို ၇ လအတွင်းမှာ ၂ ကြိမ်ပဲ မြင်ရတယ်။ ကြက်ဥအစား ငါးကြော်ကျွေးတယ်။ ပုပ်တဲ့ငါးကြော်တွေပါပါတယ်။ ကြက်သားဆိုလည်း အရင်ကထက် အတုံးသေးသွားတယ်။ ဝက်သားဆို မြင်တောင် မမြင်ဖူးတော့ဘူး” လို့ ပြောပါတယ်။

၂၀၂၄ ခုနစ်အတွင်းမှာ စစ်ကောင်စီက မြိတ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားအများစုပါဝင်တဲ့ အကျဥ်းသား ၂၀၀ ကျော်ကို ပြောင်းရွှေ့မှုကြောင့် အကျဥ်းထောင်အတွင်း အစားအသောက် အခက်အခဲဖြစ်လာတယ်လို့ အကျဥ်းသားဟောင်းနောက်တယောက်က ပြောပါတယ်။

“နိုင်ငံရေးအကျဥ်းသားအများစုက ပါဆယ်ဝင်များတော့ ဒီအပေါ်မှာ တခြားအကျဥ်းသားတွေလည်း မှီခိုနေကြတယ်လေ။ နိုင်ကျဥ်းအများစုရွှေ့သွားတော့ ပါဆယ်အဝင်နည်းပြီး တချို့အကျဥ်းသားတွေလည်း ကြပ်သွားတာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် မြိတ်အကျဥ်းထောင်မှာ မိသားစုတွေက ပို့လိုက်တဲ့ ထောင်ဝင်စာပါဆယ်တွေကို အကျဥ်းသားတွေက အပြည့်အစုံ မရရှိဘဲ ပျောက်ဆုံးနေကာ အာဏာပိုင်တွေကလည်း မဖြေရှင်းပေးတဲ့အပြင် ခြိမ်းခြောက်အပြစ်တင်တာတွေ ပြုလုပ်ခံနေရတယ်လို့ အကျဥ်းသားဟောင်းတွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် လက်ရှိမှာတော့ မြိတ်အကျဥ်းထောင်မှာ အကျဥ်းသား ၁၈၀၀ ဝန်းကျင် အကျဥ်းကျခံနေရတယ်လို့ သိရပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013