Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအတွက် အထူးစိုးရိမ်ဟု NUG ပြော
DVB
·
April 1, 2025

မြန်မာနိုင်ငံအနှံ့ ငလျင်ဒဏ်ခံစားနေရပြီး အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးမှု မြင့်မားနေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ငလျင်ဒဏ်သင့် ပြည်သူတွေကို အရေးပေါ်ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ ငလျင်ဒဏ်သင့်ဒေသတွေကို အမြန်ဆုံး ဝင်ရောက်ကူညီခဲ့ပြီး နိုင်ငံတကာအနေနဲ့ အကူအညီတွေ ပေးကြဖို့နဲ့ အမှန်တကယ် ထိခိုက်ခံစားရတဲ့ ပြည်သူတွေဆီ အကူအညီရောက်ရှိစေဖို့ သတင်းစကားလည်း ပါးခဲ့တယ်လို့ ဧပြီ ၁ ရက် ဒီကနေ့မှာ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကတဆင့် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တာပါ။

ငလျင်ဒဏ်ကြောင့် မန္တလေး အိုးဘိုထောင် ထိခိုက်ပျက်စီးခဲ့တဲ့အတွက် ‌ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘေးကင်းရေးကို အထူးစိုးရိမ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်တဲ့ ငလျင်ဒဏ်သင့် နေရာဒေသတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ မဝင်ရောက်နိုင်အောင် တားဆီးနေပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေတဲ့ ပုဂ္ဂလိကဆေးရုံတွေကို CDM ဝန်ထမ်းတွေကို လက်ခံထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်သိမ်းတာတွေ လုပ်ခဲ့ပြီး ဒီလိုကာလမှာလည်း ပြန်ဖွင့်ခွင့်မပေးတဲ့အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို များစွာ ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ခတ်ပြီးချိန်မှာ စစ်ကောင်စီက ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ပဲခူးတိုင်း ဖြူးမြို့နယ်၊ ကချင်ပြည်နယ် ဗန်းမော်၊ မကွေးတိုင်း စလင်းမြို့နယ်တို့က ကျေးရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီငလျင်ဒဏ်ကြောင့် ကလေးသူငယ်တွေ အပါအဝင် ပြည်သူတွေ များစွာ သေဆုံးခဲ့ကြရပါတယ်။

ငလျင်မတိုင်ခင် ၄ နှစ်ကျော်ကာလအတွင်းမှာလည်း စစ်အုပ်စုကြောင့် ပြည်သူ ၆,၄၆၈ ယောက် သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ ကလေးသူငယ်ပေါင်း ၇၄၅ ယောက် ပါဝင်ပါတယ်။

ငလျင်ဒဏ်သင့်ပြည်သူတွေဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို မရခဲ့တာကြောင့် သေဆုံးမှုတွေ ပိုမိုများပြားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် ယဉ်ကျေးမှုအမွေအနှစ်တွေ အပါအဝင် ဘုရားစေတီ ၁၅၀ ကျော်နဲ့ ဗလီ ၅၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး NUG အနေနဲ့ ပြည်သူတွေနဲ့အတူ ဘေးဒဏ်ကျော်လွှားဖို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်သလို စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ ပြည်သူ့နွေဦးတော်လှန်ရေးကိုလည်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013