
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ MNDAA ကိုးကန့်တပ်ဆုတ်ခွာသွားရင် CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုဟာလည်း စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားမရှိတဲ့ နေရာတွေကို ပြောင်းရွေ့ကြဖို့ စီစဉ်နေကြပါတယ်။
တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် MNDAA ကိုးကန့်တပ်တွေဟာ ဧပြီ ၂၂ နောက်ဆုံးထားပြီး လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကနေ ဆုတ်ခွာရတော့မှာပါ။
အဲ့ဒီလို ဆုတ်ခွာသွားရင် တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတချို့ လားရှိုးမြို့မှာ စတင်တော့မှာဖြစ်ပါတယ်။
စစ်ကောင်စီ လားရှိုးမြို့ကို ဝင်လာရင် စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး အာဏာဖီဆန်နေတဲ့ CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် အများစုဟာ နေရာပြောင်းရွေ့ဖို့ စီစဉ်နေကြတာလို့ ကိုးကန့်တပ် လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လားရှိုးမြို့ခံက ပြောပါတယ်။
MNDAA ကိုးကန့်တပ်အနေနဲ့ သူရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လားရှိုးမြို့က CDM တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုးကန့်ထိန်းချုပ်နယ်မြေအတွင်းမှာ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းတာ ရှိသလို တာဝန်မထမ်းဆောင်ဘဲ လာရောက် နေထိုင်မယ် ဆိုရင်လည်း နေစရာ စီစဉ်ပေးမယ်လို့ ပြောဆိုတာလည်းရှိပါတယ်။
ဒါပေမဲ့ လားရှိုးမြို့ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်နေထိုင်မယ့် CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအပေါ်မှာတော့ တိကျသေချာတဲ့ အာမခံချက်တော့ ပေးနိုင်တာတွေ့ရဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က ပြောပါတယ်။
MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေဟာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ၂၀၂၄ သြဂုတ်လဆန်းက အပြီးတိုင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပါ။
သိမ်းပိုက်ပြီး ၉ လအကြာမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည် အခြေချခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အခုလို စစ်ကောင်စီအုပ်ချုပ်ရေးကို လားရှိုးမှာ ပြန်လည်အခြေချခွင့် ပေးလိုက်တဲ့ MNDAA ကိုးကန့်တပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုတွေက ပြစ်တင်ဝေဖန်တာတွေ မြင့်တက်နေပါတယ်။