Home
မြန်မာသတင်း
ဖလမ်းမြို့နယ်ကို ချင်းညီနောင်တပ်ဖွဲ့ အပြီးသတ်သိမ်းပိုက်
DVB
·
April 10, 2025
photo: CNO/CNDF
photo: CNO/CNDF
photo: CNO/CNDF
photo: CNO/CNDF
photo: CNO/CNDF

ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဖလမ်းမြို့နယ် တခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိပြီလို့ ချင်းညီနောင်တပ်ဖွဲ့က ဧပြီ ၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဖလမ်းမြို့မှာ နောက်ဆုံးကျန်နေတဲ့ ခလရ ၂၆၈ တပ်ရင်းကုန်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ ဖလမ်းမြို့ဟာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီး ဖလမ်းမြို့နယ်တခုလုံးကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အနေနဲ့ Burma National Revolutionary Army (BNRA)၊ Anti-Fascist Internationalist Front (AIF)၊ 96 Soldiers PDF၊ Burmese Revolutionary Technical Front (BRTF)၊ Generation Z Army (GZA)၊ Giant Revolution Force (GRF)၊ Harmonious Northern Brothers (HNB)၊ Kalay Revolution Force (KRF)၊ Kalay Urban Guerrilla (Kalay UG)၊ Myingyan Black Tiger (MBT)၊ National Liberation Army (NLA)၊ Revolution Ambulance Wolf (RAW Medical Team)၊ Sagaing Federal Troop (SFT-Sol)၊ Yaw Defense Force (YDF)၊ Zo Army (ZA)၊ ကလေးခရိုင် ပကဖနဲ့ ဒရုန်းတပ်ဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက “တိုက်ပွဲကာလက ၅ လလောက် ကြာခဲ့တယ်။ တိုက်ပွဲကာလထဲမှာ သူတို့ဘက်က ဖလမ်းမြို့ မကျစေဖို့ ခလရ ၂၆၈ တပ်ရင်းက ရှိရင်းအင်အားတွေအပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ခလရ ၈၉ က စစ်ကူအင်အား ၁ဝဝ ဝန်းကျင်၊ အခုနှစ် မတ်လထဲမှာလည်း တပ်မ ၇၇ ရဲ့ လက်အောက်ခံ ခလရ ၃၉၁ က စစ်ကူအင်အား ၁၀ဝ နီးပါးကို အကြိမ်ကြိမ် ဖြည့်တင်းခဲ့​တယ်။ ၄ လတာ တိုက်ပွဲအတွင်း သူတို့ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,ဝဝဝ ကျော် ပြုလုပ်ခဲ့ပေမယ်လို့ တော်လှန်ရေးရဲဘော်တွေရဲ့ စွမ်းစွမ်းတမံ တိုက်ခိုက်မှုတွေကြောင့် အောင်မြင်တဲ့ရလဒ် ရခဲ့တာဖြစ်တယ်။ ကျနော်တို့ဘက်ကလည်း အသက်စွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေနဲ့ ကိုယ်အင်္ဂါ စွန့်လွှတ်လိုက်ရတဲ့ရဲဘော်တွေ ရှိခဲ့တယ်။ စစ်ဆင်ရေး ကုန်ကျစရိတ်တွေလည်း များခဲ့တယ်။ အဲဒီပေးဆပ်မှုတွေဟာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ပေးဆပ်ရတာဖြစ်တယ်။ အခုအောင်မြင်မှုဟာ ဖလမ်းပြည်သူလူထုတင် မဟုတ်ဘဲ အဖိနှိပ်ခံ ပြည်သူလူထု အားလုံးရဲ့ အောင်မြင်မှုဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း တီးတိန်မြို့ကို ထပ်ပြီး ဝင်ရောက်ဖို့ရှိတယ်” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ၆၀ ရာခိုင်နှုန်းပဲ ပြီးမြောက်ခဲ့လို့ ဆက်လက်ပြီး မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ပုံကျပြီး အမိန့်နာခံတဲ့ Professional Army ဖြစ်အောင် ကြိုးစားသွားရမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပြင် လက်နက်ခဲယမ်း အမြောက်အမြားနဲ့အတူ ငွေကြေးများစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်က ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို ဧပြီ ၇ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက အလုံးစုံ သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးခရိုင်မြို့ဖြစ်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013