Home
မြန်မာသတင်း
အပစ်ရပ် ကြေညာထားချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာ 
DVB
·
April 9, 2025

စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားပေမဲ့လည်း အချိန်တိုင်းလိုလို အရပ်သားပြည်သူတွေ နေထိုင်တဲ့ မြို့ရွာဒေသတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို တောက်လျှောက် ပြုလုပ်နေတာကို တွေ့နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဧပြီ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ အပစ်အခတ်ရပ်စဲမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပေမဲ့လည်း အခုလို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကို မြန်မာနိုင်ငံ နေရာအနှံ့မှာ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီက အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး စဉ့်ကူးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ မတ္တရာမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်၊ သပိတ်ကျင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ မိုးကုတ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်နဲ့ နောင်ချိုမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့တာကို သက်သေအထောက်အထားတွေနဲ့ပါ တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မြေပြင်စစ်ကြောင်းထိုးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်း လုံးဝ ရပ်နားတာမရှိဘဲ ဆက်လက်လုပ်ဆောင်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်တာကလွဲပြီး ထိုးစစ်အားလုံးကို ၃ ပတ်လောက် ယာယီရပ်စဲမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ဟာ ငလျင်ဘေးကို အကြောင်းပြုပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအကြားမှာ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ လုပ်ကြံလီဆယ်မှုတခုသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆို ရေးသားထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013