Home
မြန်မာသတင်း
အင်းတော် သိမ်းပိုက်ခံရသဖြင့် စစ်တပ်က ကချင်ကို မြေပြင်မှလာရန်ခက်ခဲသွားပြီဟု သုံးသပ်
DVB
·
April 8, 2025

တော်လှန်ရေးပူးပေါင်းတပ်တွေက အင်းတော်ကိုသိမ်းပိုက်နိုင်တာကြောင့် စစ်ကောင်စီအနေနဲ့ ကချင်ပြည်နယ်ထဲကို လေကြောင်းကလွဲပြီး မြေပြင်တပ်တွေလာဖို့ ခက်တဲ့အနေအထား ဖြစ်သွားပြီလို့ လေ့လာသူတွေက ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက ကချင်နဲ့ စစ်ကိုင်းအစပ်၊ ရှမ်းမြောက်အထိ လမ်းပေါက်တဲ့ အင်းတော်နဲ့ နဘားကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက် ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

အင်းတော်မြို့နဲ့ နဘားကို ဩဂုတ် ၁၅ ရက်မှာ တပြိုင်တည်း ထိုးစစ်ဆင်ပေမဲ့ နဘားလမ်းဆုံကိုသာ ထိန်းချုပ်နိုင်ခဲ့ပြီး အင်းတော်မြို့က ဂျပန်လိုဏ်ဂူကုန်းနေရာကို ၈ လဝန်းကျင်ကြာ ထိုးစစ်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။

မြေပြင်တပ်တွေနဲ့နီးစပ်သူက “တိုက်ပွဲကတော့ ဧပြီလ ၁ ရက်နေ့မှာ စပြီးဖြစ်ခဲ့တာပေါ့လေ။ တိုက်ပွဲဖြစ်ပြီးတော့ ဒီ ၇ ရက်မြောက်နေ့မှာတော့ အင်းတော် သူတို့ခံစစ်ဖြစ်တဲ့ ဂျပန်လိုဏ်ဂူတို့၊ ဂျပန်လိုဏ်ဂူကုန်းတို့ မြို့ဦးစေတီတို့ပေါ့နော်၊ နောက်ပြီး‌တော့ မြို့မဘုန်းကြီးကျောင်းတို့ အကုန်လုံး သိမ်းပိုက်ရရှိခဲ့တာပေါ့။ မနေ့ည ၈ နာရီလောက်တုန်းက အပြီးသတ် သိမ်းနိုင်ခဲ့တာပေါ့နော်။ စစ်ကောင်စီတပ်ဘက်က လက်နက်ချ အညံ့ခံခဲ့တာပေါ့” လို့ ပြောပါတယ်။

အင်းတော်ကို သိမ်းပိုက်ခဲ့တဲ့ ရုပ်သံတချို့ ထွက်လာခဲ့ပေမဲ့ ဖမ်းဆီးရမိနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းနိုင်တာ အပါအဝင် အသေးစိတ်အခြေအနေတွေကို စစ်ရုံးကနေသာ ထုတ်ပြန်ပေးလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ အင်းတော်ဟာ ရွှေဘို-မြစ်ကြီးနား မီးရထားလမ်းနဲ့ ကားလမ်းဆုံရာ နေရာမှာရှိပြီး ရှမ်းမြောက်၊ ကချင်နဲ့ စစ်ကိုင်းကို ချိတ်ဆက်လို့ရတဲ့နေရာဖြစ်လို့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စိတ်ကြိုက် စစ်ကစားလို့ ရသွားပြီလို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းပြောပါတယ်။

စစ်ရေးသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က “မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားကို စစ်တပ်အနေနဲ့ မြေပြင်ကနေ လုံးဝ ရာနှုန်းပြည့် ထောက်ပံ့ဖို့နဲ့ ပို့ဆောင်ရေးအလုပ်တွေ မလုပ်နိုင်တော့ပါဘူး။ လေကြောင်းတခုပဲ လုပ်လို့ရပါတော့မယ်။ ရေကြောင်းကနေဆိုရင်လည်း မရပါဘူး။ အဲဒီတော့ သူတို့ လေ‌ကြောင်းတခုပဲ အားကိုးရမှာ။ အဲဒါကြောင့်မို့လို့ပေါ့နော် မိုးညှင်းဘက်ကို L of C ပျောက်သွားမှာစိုးလို့ အင်းတော်ကနေ မရ၊ အရ ခုခံနေတာ ဖြစ်ပါတယ်။ အခုတော့ ကချင်ပြည်နယ်ဘက်ကို လေကြောင်းကလွဲ၍ လုံးဝ လုံးဝ လာလို့မရတဲ့ အနေအထားမျိုး ဖြစ်သွားပြီလို့ပဲ ပြောရမှာ ဖြစ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

စစ်ကိုင်းအထက်ပိုင်းက အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIA၊ KPDF၊ AA၊ ABSDF တပ်တွေနဲ့ စစ်ကိုင်းအခြေစိုက် PDF တွေ ပါဝင်တိုက်ခိုက်ခဲ့တာလို့ DVB က ကနဦး စုံစမ်းသိရပေမဲ့ အတည်ပြု ထုတ်ပြန်ချက်တွေ ထွက်လာတာ မရှိသေးပါဘူး။

လာမယ့် ဧပြီ ၁၅ ရက်နေ့ဆိုရင် အင်းတော် တိုက်ပွဲစတင်တာ ၈ လပြည့်မှာဖြစ်ပြီး အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ရတာဖြစ်လို့ နေရပ်ပြန်ချင်နေပြီလို့ မြို့ခံစစ်ရှောင် အမျိုးသားတယောက်က ပြောပါတယ်။

“ပြန်ချင်တာပေါ့ဗျာ။ ကျနော့် စီးပွားရေးရော၊ ကျနော့် အလုပ်ရော၊ ကျနော့် မွေးရာဇာတိရောက အကုန်လုံးက အဲဒီမှာ။ ပြီးတော့ ကျနော့်အရင်းအနှီးလည်း အဲဒီမှာ ကျန်တဲ့ဟာလေးတွေ သွားသိမ်းချင်တာပေါ့ဗျာ။ သူခိုး ခိုးလို့မကုန်တဲ့ ကျန်တဲ့ဟာလေးတွေတော့ ကျနော့်အတွက်က တန်ဖိုးတခုပဲလေ၊ မျှော်လင့်တာပေါ့။ လောလောဆယ် ကြောက်တာက လုပ်ထုံးလုပ်နည်းက သိမ်းပြီးသွားရင် ကျနော်တို့ ဗုံးတွေ ဘာတွေ ကြဲပြီးရင် ဆယ်မိုင်ပတ်လည်တွေမှာ PDF ရှိတယ်ဆိုပြီး ကြဲရင်ခက်မလားလို့ အဲတာ စိုးရီမ်နေရတယ်။”

ဧပြီ ၁ ရက်နေ့မှာတော့ Non CDM ဝန်ထမ်းတွေအပါအဝင် စစ်ရှောင်တွေ စုနေကြတဲ့ မြို့မ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတာကြောင့် ထိခိုက်သူတချို့ရှိခဲ့ပြီး အဲဒီနောက်ပိုင်း တခြားနေရာတွေကို ပြောင်းရွှေ့ခဲ့ရပါသေးတယ်။

အင်းတော်၊ နဘားနဲ့ အနီးဝန်းကျင်မှာရှိကြတဲ့ ရွာတွေက ဒေသခံ ၂၀,၀၀၀ ဝန်းကျင်ဟာ မြို့နဲ့ အလှမ်းဝေးပြီး လက်နက်ကြီး လွတ်မယ်ထင်တဲ့ ၁၀ မိုင်ပတ်လည်က ကျေးရွာတွေမှာ စစ်ရှောင်နေခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းတွေအရ အင်းတော်မြို့မှာ လူဦးရေ ၁၂၀,၀၀၀ ကျော် နေထိုင်ကြပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013