
ငလျင်ဘေးကြောင့် အပစ်ရပ်ထားတယ်ဆိုတဲ့ စစ်ကောင်စီတပ်က လက်လွှတ်ထားရတဲ့ မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် မြေပြင်ကလည်း စစ်ကူနဲ့ စားနပ်ရိက္ခာတွေ ပို့နေပါတယ်။
ရှမ်းတောင်နဲ့ ပဲခူးကို ငလျင်ဘေး ကူညီထောက်ပံ့ရေးအတွက် သွားခဲ့တဲ့ ဒုစစ်ခေါင်းဆောင်အနေနဲ့ ကူညီကယ်ဆယ်ရေးအပြင် ပန်းတောင်းနဲ့ နောင်ချိုကို စစ်ကူပို့ဆောင်ဖို့နဲ့ ပဲခူးအနောက်ခြမ်း လုံခြုံရေးတိုးမြှင့်ထားဖို့ ညွှန်ကြားခဲ့တယ်လို့ တပခနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ညောင်ကျိုးကျတဲ့နေ့က တောင်ငူတပ်နယ်ကို ဒုချုပ်ရောက်တော့ ပန်းတောင်းတပ်နယ်ကို စစ်ကူပို့ဖို့ရယ် ပဲခူးအနောက် ပိုလုံခြုံရေးတိုးမြှင့်ဖို့ မှာသွားတယ်။ စစ်ကူနဲ့ စားနပ်ရိက္ခာအတွက် မပူဖို့ ပဲခူးငလျင်လာရင်း တပ်ရင်းတွေကို အကုန်ပြောတာ၊ စကထမှူး ၅ လည်း ပါတယ်။”
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူထောင်နဲ့ချီသေပြီး နိုင်ငံတကာ အကူအညီ ရောက်လာချိန်မှာ အလှူငွေရရှိရေးအတွက် စစ်ကောင်စီတပ်က ၂၁ ရက်ကြာ ကာလတို အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့တာပါ။
အပစ်ရပ်ထားတယ်ဆိုတဲ့ စစ်ကောင်စီတပ်အနေနဲ့ လက်လွှတ်ထားရတဲ့ စဥ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်၊ နောင်ချို၊ စစ်တွေ၊ ကျောက်ဖြူနဲ့ ညောင်ကျိုးစခန်းတွေကို အကြိမ် ၁၀၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတယောက်က DVB ကို ပြောပါတယ်။
“အပစ်ရပ်တယ်ဆိုတာ လူကြားကောင်းအောင် ထုတ်တဲ့စာ။ အခုဗုံးကြဲနေတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ PDF တွေ ရထားတဲ့မြို့တွေကို တိုက်ပွဲမရှိဘဲ ကြဲတာ။ ညောင်ကျိုး၊ ဖလမ်းနဲ့ အင်းတော်က ငလျင်မဖြစ်ခင်ကတည်းက တိုက်နေကြတာ ငလျင်ပြီးမှ အောင်ပွဲရတာ။”
လေကြောင်းကနေ နေ့စဥ်ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်က အပစ်ရပ်ထားချိန် KIA၊ TNLA၊ AA နဲ့ KNDF/KNPP အဖွဲ့တွေ တပ်ရင်း၊ တပ်ဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ဧပြီ ၈ ရက်မှာ ပြောဆိုခဲ့ပါတယ်။
မတ် ၂၈ ရက်မှာ လှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၃,၆၄၅ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၅,၀၁၇ ယောက်နဲ့ ပျောက်ဆုံးသူ ၁၄၈ ယောက် ရှိတယ်လို့ စစ်ကောင်စီက မနေ့ညက ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်အချက်အလက်တွေနဲ့ ကွဲနေဆဲပါ။