Home
အားကစား
မြောက်ကိုရီးယားတွင် ၆ နှစ်အတွင်း ပထမဆုံး နိုင်ငံတကာမာရသွန်ပြိုင်ပွဲ ကျင်းပ
DVB
·
April 9, 2025
Photo : KCNA FOR REUTERS

မြောက်ကိုရီးယားနိုင်ငံဟာ ပြုံယမ်း နိုင်ငံတကာမာရသွန်ပြိုင်ပွဲကို ၆ နှစ်တာအတွင်း  ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့ရာ နိုင်ငံခြားသား အပြေးသမား ၂၀၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

၁၉၈၁ ခုနှစ်ကတည်းက ဒီမာရသွန်ပြိုင်ပွဲကို မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ကင်မ်အီလ်ဆွန်းမွေးနေ့ ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဧပြီလတိုင်းမှာ ကျင်းပလေ့ ရှိပါတယ်။

တနင်္ဂနွေနေ့မှာ ကျင်းပသွားတဲ့ပြိုင်ပွဲမတိုင်ခင် ၂၀၁၉ ခုနှစ်အတွင်း နောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံခြားသားဦးရေ ၉၅၀ အထိ ပါဝင်ဆင်နွှဲခဲ့ဖူးပါတယ်။

အဲဒီနောက် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတဲ့ နောက်တနှစ်မှာတော့ မြောက်ကိုရီးယားက တနိုင်ငံလုံးကို ပိတ်ချထားခဲ့ပါတယ်။

လက်ရှိအချိန်အထိ မြောက်ကိုရီးယားက ပြည်ပခရီးသွားတွေအပေါ် ကန့်သတ်ထားဆဲဖြစ်သလို ပြီးခဲ့တဲ့နှစ်မှာလည်း ရုရှားခရီးသွားတွေကိုသာ ဝင်ရောက်ခွင့်ပြုထားပါတယ်။

တရုတ်ပြည်အခြေစိုက် ကော်ရီယိုတိုးစ် ခရီးသွားအေဂျင်စီကတော့ ဒီမာရသွန်ပြိုင်ပွဲရဲ့ “သီးသန့်မိတ်ဖက်” ဖြစ်ကြောင်းကို ဝက်ဘ်ဆိုက်ပေါ်မှာ ဖော်ပြထားပါတယ်။

ပေကျင်းကနေ ပြုံယမ်းအထိ အသွားအပြန်လေယာဉ်ခ အပါအဝင် ၆ ရက်ကြာ မာရသွန်ခရီးစဉ်ကို ယူရို ၂,၁၉၅ (၂,၄၀၆ ဒေါ်လာ) ကျသင့်နိုင်တယ်ဆိုပြီး ရေးသားထားပါတယ်။

ဒါ့အပြင် “ဒေသခံတွေနဲ့ပါ အပြန်အလှန် ထိတွေ့ဆက်ဆံနိုင်တဲ့အတွက် ပြုံယမ်း မာရသွန်ပြိုင်ပွဲဟာ အလွန်ထူးခြားတဲ့ အတွေ့အကြုံတခုဖြစ်တယ်” လို့ ဆိုပါတယ်။

အင်တာနက်ပေါ်က ဓာတ်ပုံနဲ့ ဗီဒီယို မှတ်တမ်းတွေအရ ပြုံယမ်းမြို့တော်ရဲ့ လမ်းတွေနဲ့ အထိမ်းအမှတ် နေရာတွေမှာ အပြေးသမားတွေကြား ယှဉ်ပြိုင်နေတာကို မြင်တွေ့ရတဲ့အပြင် ပွဲကြည့်ပရိသတ်တွေနဲ့ပါ ပြည့်နှက်လို့နေပါတယ်။

မြောက်ကိုရီးယား အပြေးသမား ပတ်ခွန်မ်ဒေါင် ကတော့ “ကျနော် မောပန်းလာချိန်တိုင်း မျှော်ကြည့်နေကြတဲ့ ပြည်သူတွေရဲ့ မျက်လုံးကြောင့် အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကူညီပေးခဲ့တယ်” ဆိုပြီး ပြန်ပြောပြပါတယ်။

အဲဒီပြိုင်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိနိုင်အောင် အသေးစိတ် အချက်အလက် ထုတ်ပြန်တာမျိုးလည်း မတွေ့ရပါဘူး။

၂၀၂၃ ခုနစ်ရဲ့ နှစ်လယ်ပိုင်းအရောက်မှာတော့ မြောက်ကိုရီးယားက ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို တဖြည်းဖြည်းချင်း ဖြေလျှော့လာခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013