
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ရေပူကျေးရွာအနီးနားမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ရဲ့ ဒရုန်းတစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF တာဝန်ရှိသူက ဧပြီ ၈ ရက်မှာ ပြောပါတယ်။
ဧပြီ ၅ ရက်မှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ၆ ရက်နေ့မှာ ရေပူကျေးရွာဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုးလာတဲ့အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ တိုက်ပွဲအတွင်းမှာ ဒရုန်းတစင်းကို ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။
IPDF တပ်ရေးဗိုလ်က “သူတို့က ဒရုန်းနဲ့ နေ့စဥ်ရက်ဆက် ကြဲနေတာပေါ့။ ရဲဘော်တွေက တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဒရုန်းနဲ့ ဗုံးသီးလာချဖို့ ပျံလာတဲ့အချိန် ရဲဘော်တယောက်က ပစ်ချလိုက်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ရေပူကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပြီး စစ်ကြောင်းထိုးဖို့အတွက် အင်အားဖြည့်တင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က မတ် ၃၀ ရက်နဲ့ ၃၁ ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေကြောင့် ရေပူကျေးရွာနဲ့ ဘုရားတောင်ကျေးရွာဘက်က နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီတပ်က ငလျင်ကြောင့် ၂၁ ရက်ကြာ အပစ်ရပ်စဲမယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာတော့ စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။