Home
မြန်မာသတင်း
မြန်မာပြည်သူ ၉ ဒသမ ၁ သန်းကျော် ငလျင်ဒဏ်ကို အပြင်းအထန်ဆုံး ထိခိုက်ခံစားခဲ့ရဟု ကုလ ခန့်မှန်း 
DVB
·
April 8, 2025
Photo: REUTERS/Stringer

မြန်မာပြည်တွင်း အင်အားပြင်းငလျင်ဘေးသင့် ဒေသတွေမှာ  လူပေါင်း ၁၇ ဒသမ ၂  သန်းကျော် နေထိုင်ကြပြီး နိုင်ငံတဝန်း ၅၈ မြို့နယ်ရှိ လူပေါင်း ၉ ဒသမ ၁ သန်းကျော်ဟာ ငလျင်ဒဏ်ကို အပြင်းအထန်ဆုံး ထိခိုက်ခံစားခဲ့ရတယ်လို့  ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မတ် ၂၈ ရက်က  မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်တွေကြောင့် ၁၀ ရက်ကြာတဲ့အထိ လူတွေ အသက်ဆုံးရှုံးရမှု ဆက်လက်မြင့်တက်နေတာ ဖြစ်ပါတယ်။

အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေထဲမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ငွေကြေးအကူအညီနဲ့ ယာယီတဲတွေ ပါဝင်ပါတယ်။

ရပ်ရွာလူထုတခုလုံး အိုးအိမ်မဲ့ဖြစ်ကာ ယာယီတဲတွေမှာ ခိုလှုံနေရတာကြောင့် ဈေးတွေ ပျက်စီး၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ပိုမိုဆိုးရွားလာတာနဲ့ ရေ၊ သန့်ရှင်းရေး၊ ကျန်းမာရေး အပါအဝင် မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပြိုလဲလုနီးပါး ဖြစ်နေပါတယ်။

အိုးအိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေရဲ့ တနှစ်တာအပူဆုံးနဲ့ အခြောက်သွေ့ဆုံးလမှာ အပူချိန် အလွန်အမင်းမြင့်မားမှုကို ခံစားနေရပြီး မန္တလေးမှာ မိုးတွေစတင်ရွာသွန်းနေလို့ ကွင်းပြင်မှာ  ခိုလှုံနေသူတွေအတွက် နောက်ထပ်အန္တရာယ်တရပ် ဖြစ်ပေါ်နေတယ်လို့  ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း  ၄,၃၁၆  ယောက်၊   ဒဏ်ရာရသူ ၆,၅၈၈ ယောက်၊ ပျောက်ဆုံးနေသူ ၄၄၈ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက်ရှိပြီလို့  ဧပြီ ၆ ရက် ည ၈  နာရီ အထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီအရေအတွက်ဟာ DVB မှ လက်လှမ်းမီသလောက်ရရှိထားတဲ့ ကိန်းဂဏန်းတွေသာဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ အခြေအနေ ဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013