Home
နိုင်ငံတကာ
ဘန်ကောက် ပြိုကျ အထပ် ၃၀ တိုက် ဆောက်လုပ်ရေးအလုပ်သမား ၁၀၀ ကျော် လုပ်အားခ မရဟုဆို 
DVB
·
April 7, 2025
Photo: REUTERS/Athit Perawongmetha

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ငလျင်ကြောင့် ပြိုကျသွားခဲ့တဲ့ ငွေစာရင်းစစ်ရုံး အထပ် ၃၀ တိုက်ဆောက်လုပ်ရာမှာ အလုပ်သမား ၁၀၀ ကျော် လုပ်အားခမရသေးဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

တိုက်ထဲမှာ လျှပ်စစ်မီးကြိုးသွယ်တန်းဖို့နဲ့ သံကြိုးတွေတဲနှောင်ဖို့ သူတို့ကို ငှားရမ်းခဲ့တဲ့ 9PK ကုမ္ပဏီထံကနေ ရသင့်ရထိုက်တဲ့ လုပ်အားခတွေမရတဲ့အကြောင်း သက်ဆိုင်ရာအလုပ်သမား ခေါင်းဆောင်တွေက  ဧပြီ ၆ ရက်မှာ  မျက်နှာချင်းဆိုင်တွေ့ဆုံရှင်းလင်းခဲ့ကြပါတယ်။ 

အလုပ်သမားခေါင်းဆောင် နိုင်းဘော့တ်က “အဲဒီတိုက်မှာ လျှပ်စစ်မီးကြိုးတပ်ဆင်ဖို့   9PK ကုမ္ပဏီ က သူတို့ကို ငှားရမ်းခဲ့တယ်။ သူနဲ့ အလုပ်သမားပေါင်း ၈၀ ကျော်ဟာ အဲဒီတိုက်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီကနေ ဒီ ၂၀၂၅ ဇန်နဝါရီထိ လုပ်ခဲ့တယ်။ အစပိုင်းမှာ လုပ်အားခ ပုံမှန်ရပေမဲ့ ၃-၄ လကြာတော့ ပုံမှန်မရတော့ဘူး၊ အဲဒီနောက် လုံးဝမရတော့ဘူး။ ရစရာ ဘတ် ၃၄ သိန်း ကျန်နေသေးတယ်၊ လုပ်အားခရှင်းပေးဖို့ ကုမ္ပဏီမှာ ၃ ကြိမ် သွားတောင်းတယ်၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဆန္ဒတွေလည်း ပြခဲ့တယ်၊ 9PK က သူတို့အနေနဲ့ China Railway 10 ကုမ္ပဏီက မရှင်းပေးလို့ ငွေမရှိသေးဘူးလို့ ပြောတယ်၊ China Railway 10 ကုမ္ပဏီဆီ သွားပြောတော့ အီတာလျံ ထိုင်းကုမ္ပဏီဆီက ငွေမရသေးဘူး ပြောပြန်တယ်၊ တိုက်သာပြိုသွားတယ် လုပ်အားမရသေးဘူး၊  သူ့လက်အောက်က အလုပ်သမားတွေ စားဝတ်နေရေးအတွက် ခြံနဲ့ အိမ်တွေ ပေါင်နှံပြီး ရှင်းထားပေးရတယ်” လို့ ပြောပါတယ်။

တိုက်ရဲ့ ခိုင်ခံ့မှုအခြေအနေနဲ့ ပတ်သက်လို့ သတင်းထောက်က မေးမြန်းရာမှာ တိုက်နံရံတွေက ပါးပြီး အင်္ဂတေတွေ ကျစ်လျစ်မှုမရှိကြောင်း၊ မီးကြိုးချိတ်ဖို့ သံမှိုထုတာနဲ့ ဘိလပ်မြေက ကွာကျပြီး သဲတွေ လွင့်လာတယ်၊ ဒါပေမဲ့ သူတို့နဲ့မဆိုင်တဲ့အပိုင်းမို့ ဘာသိဘာသာ နေခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်အလုပ်သမားတဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ နိုင်းဆုန်ကလန်းကလည်း သူတို့ကတော့ သံကြိုးတွေ တဲနှောင်တဲ့အလုပ်ကို လုပ်ရတယ်၊ မနှစ် စက်တင်ဘာလက စလုပ်တယ်၊ နေ့စား အလုပ်သမား အယောက် ၄၀ ကျော်ခေါ်ပြီး လုပ်တယ်၊ ၄ ပတ်လောက်မှာ လုပ်အားခပုံမှန်ရပြီး အဲဒီနောက်ပိုင်း မရတော့ဘူး၊ ရစရာ ဘတ် ၈၀၀,၀၀၀ ကျော် ကျန်သေးတယ်၊ ကန်ထရိုက်တာ မိန်းမက အလုပ်သမားတွေရဲ့ လုပ်အားခ ရှင်းစရာမရှိလို့ စိတ်ညစ်ပြီး တိုက်ပေါ်က ခုန်ချသေမလို့ လုပ်သေးတယ်၊ လူတွေ အရင်မြင်ပြီး ဝိုင်းဆွဲကြလို့ တော်သေးတယ်။ အဲဒါကို 9PK ကုမ္ပဏီဆီ သွားပြောတာ အရေးမစိုက်ဘူး၊ ဖေဖော်ဝါရီ ၁၉ ရက်က ငွေသွားတောင်းတာ မရှင်းပေးတဲ့အပြင် သူတို့ကုမ္ပဏီနာမည်ပျက်အောင် လုပ်တယ်ဆိုပြီး စားပွဲခုံကို ထုသေးတယ်၊ အဲဒီလို ဖြစ်နေရင်း တိုက်ပြိုသွားတာလို့ ဆိုပါတယ်။

တိုက်ရဲ့ခိုင်ခံ့မှုနဲ့ပတ်သက်လို့ သူ့အမြင်ကတော့ တိုင်လုံးတွေ သေးနေတယ်။ အရင်ကတွေ့ဖူးတဲ့ တိုက်တွေဆို အဲဒီလောက်မြင့်ရင် အောက်ခြေတိုင်တတိုင်က လူ ၂ ယောက်ဖက်စာလောက် ကြီးတယ်လို့ ပြောပါတယ်။

သတင်းစာရှင်းပွဲမှာ ရောက်နေတဲ့ အလုပ်သမားတချို့ကလည်း သူတို့က လုပ်အားခမရလို့ ပြီးခဲ့တဲ့လက အလုပ်ထွက်ခဲ့တာ၊ လုပ်အားခရပြီး အဲဒီမှာ ဆက်လုပ်နေရင် အခုနေ တိုက်ပြိုတဲ့အပုံကြား ရောက်နေပြီ၊ သေဆုံးသွားတဲ့သူထဲမှာလည်း လုပ်အားခမရသူတွေ ပါတယ်လို့ ပြောပါတယ်။

အဲဒီမှာ ဆက်လုပ်နေသူတွေကတော့ လုပ်ခရမှ ထွက်မယ်ဆိုပြီး လုပ်ခစောင့်ရင်း ဆက်လုပ်ရင်းနဲ့ ခုလိုအဖြစ်ဆိုးနဲ့ ကြုံရတာလို့ လုပ်ဖော်ကိုင်ဖက် အလုပ်သမားတွေက ပြောပါတယ်။

ဧပြီ ၆ ရက် တွေ့ဆုံရှင်းလင်းပွဲမှာ 9PK ကုမ္ပဏီဘက်က ကိုယ်စားလှယ် နိုင်းလျူဟန် ရောက်လာပါတယ်။ တရုတ်အမျိုးသားဖြစ်ပြီး ဘာသာပြန်ကနေတဆင့် ဖြေရှင်းတာမှာ သူတို့ဟာ China Railway 10 ကုမ္ပဏီဆီကနေ ငွေတွေမရသေးတာကြောင့် လုပ်အားခ မထုတ်ပေးနိုင်တာ ဖြစ်တယ်၊ အဆိုပါ တရုတ်ကုမ္ပဏီကလည်း အီတာလျံထိုင်း ကုမ္ပဏီကနေ ဆောက်လုပ်ရေးအတွက် ကုန်ကျငွေ ဘတ်သန်းပေါင်း ၅၀၀ ရဖို့ ရှိတာမှာ ဘတ်သန်းပေါင်း ၁၀၀ ပဲရပြီး ၄၀၀ ကျန်သေးတယ်၊ ဒါကြောင့် မရှင်းပေးနိုင်ဘူး၊ နောက်ပြီးတော့ ဒီအလုပ်သမားတွေနဲ့ စာချုပ်ချုပ်ထားတာမရှိလို့ စာချုပ်မပြနိုင်လို့ မရှင်းပေးဘူး၊ ဒါကြောင့် အလုပ်သမားတွေနဲ့ ပြန်ပြီး စာချုပ်ချုပ်ဖို့ လုပ်နေတုန်း တိုက်ပြိုကျသွားတဲ့ ပြဿနာက ထပ်ဝင်လာတာလို့ ပြောပါတယ်။

အလုပ်သမားခေါင်းဆောင်တွေကလည်း အခုဆောက်နေတဲ့ အဆောက်အအုံဟာ အစိုးရဌာနဆိုင်ရာ အဆောက်အအုံဆိုတော့ ယုံကြည်ပြီး စာချုပ်စာတမ်းတွေ မလုပ်ခဲ့တာလို့ ပြောပါတယ်။

ဧပြီ ၆ ရက် သတင်းစာရှင်းပွဲမှာ ဘာမှ ပြေလည်မှုမရခဲ့ပါဘူး။ စံချိန်မမီတဲ့ သံစတီးချောင်းတွေ အသုံးပြုထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ အရောင်းကုမ္ပဏီက လာမယ့် ဧပြီ ၉ ရက်မှာ သတင်းစာရှင်းမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ အစိုးရငွေစာရင်းစစ်ရုံးကို နိုင်ငံတော်ဘဏ္ဍာငွေ ဘတ်သန်းပေါင်း ၂,၅၆၀ အကုန်ခံပြီး ဘန်ကောက် ချတ်တူးကျတ်နယ်မြေရှိ ၅ ဧကကျော် ကျယ်ဝန်းတဲ့ မြေပေါ်မှာ တည်ဆောက်နေတာပါ။

အီတာလျံထိုင်းကုမ္ပဏီနဲ့ China Railway ကုမ္ပဏီက အဓိက တာဝန်ယူ တည်ဆောက်တယ်။ China Railway ကုမ္ပဏီ ထူထောင်သူထဲမှာ တရုတ်နိုင်ငံသား ၉ ယောက်နဲ့ ထိုင်းနိုင်ငံသား ၃ ယောက် ပါဝင်တယ်၊ ဒါပေမဲ့ ထိုင်းနိုင်ငံသားထဲမှာ ဆောက်လုပ်ရေး ဗိသုကာပညာရှင်တွေ မဟုတ်ဘဲ သာမန် လက်လုပ်လက်စားလုပ်သူ ပါဝင်တယ်၊ တရုတ်နိုင်ငံသားတွေထဲမှာလည်း ဒီလို ပရောဂျက်ကြီးကြီး တာဝန်ယူ ဆောက်လုပ်ခဲ့တဲ့ အတွေ့အကြုံမရှိဘူး၊ သူတို့က တခြားကုမ္ပဏီငယ်တွေ တဆင့်ပြန်ငှားပြီး လုပ်နေတယ်လို့ ချန်နယ်လ် ၃ ထိုင်းသတင်းက စုံစမ်းဖော်ပြပါတယ်။

အဆောက်အအုံ ပြိုကျပြီးတဲ့နောက် ထိုင်းဆောက်လုပ်ရေးဝန်ကြီးက လာရောက်စစ်ဆေးတာမှာ ဆောက်လုပ်ရေးမှာ သုံးထားတဲ့ သံမဏိပစ္စည်းတွေက စံချိန်မမီဘူးဆိုတာကို မြင်ရုံနဲ့ တန်းသိတယ် လို့ မှတ်ချက်ပေးထားပါတယ်။

အဆိုပါအဆောက်အအုံ ပြိုကျစဉ် အထဲမှာ အလုပ်သမား ၁၀၃ ယောက် အလုပ်လုပ်နေပြီး ဒီကနေ့ ဧပြီ ၇ ရက်ထိ သေဆုံးသူ ၁၆ ယောက်၊ ဒဏ်ရာရသူ ၉ ယောက်နဲ့ ပျောက်ဆုံးနေဆဲ ၇၈ ယောက် ရှိပါတယ်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်းငလျင် လှုပ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်ထိ တုန်ခါခဲ့ပါတယ်။ အထပ် ၃၀ ရှိ ဆောက်လက်စ ငွေစာရင်းစစ်ရုံးဟာ ၂ မိနစ်အတွင်းမှာ လုံးဝပြိုလဲသွားခဲ့ပါတယ်။ အဲဒီအနီးနားတဝိုက်မှာ တခြားတိုက်မြင့်တွေရှိပေမဲ့ ဒီတိုက်တလုံးပဲ ပြိုကျတယ်၊ ငလျင်ဗဟိုနဲ့ အဆိုပါနေရာဟာ မိုင်ပေါင်း ၁,၀၀၀ ကျော် ဝေးကွာတာကြောင့် တိုက်ပြိုကျသွားတဲ့ ဖြစ်စဉ်ပေါ်  သံသယဖြစ်နေကြတာပါ။

ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက် ဒီအမှုကို ထိုင်းနိုင်ငံ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က တာဝန်ယူ စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့  နိုင်ငံတော်ငွေစာရင်းစစ်ဆေးရေးဌာနကို နိုင်ငံတော်ဘဏ္ဍာငွေမှ ပြည်သူပြည်သားတွေ အတွက် အကျိုးရှိရှိ အသုံးပြုရေး၊ မသမာမှု ကာကွယ်ရေးတွေအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀  ကျော် ပဥ္စမမြောက် ထိုင်းဘုရင်လက်ထက်ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ တခြားသော ဌာနဆိုင်ရာတွေရဲ့ ငွေကြေးမသမာမှုတွေကို စစ်ဆေးဖော်ထုတ်နေတဲ့ ဒီဌာနဟာ ဒီတိုက်ပြိုမှုမှာတော့ သူတို့ကိုယ်တိုင် အစစ်ဆေးခံနေရပြီ ဖြစ်ပါတယ်။

Source : 3 PLUS News / One News / PPTV HD36 / ThaiPBS

Photo : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013