
မတ် ၃၁ ရက်မှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်းနီးပါးကို တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော်အထိ ဝင်ငွေ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပနိုင်ငံတွေကို ဆန်တန်ချိန် ၂ သန်းခန့် တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ခန့် ဝင်ငွေရရှိဖို့ ရည်မှန်းဆောင်ရွက်ခဲ့တာ ဖြစ်လို့ လျာထားချက်ထက် ကျော်လွန် တင်ပို့နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထက် ဆန်တန်ချိန် ၈ သိန်းကျော် ပိုမိုတင်ပို့ခဲ့တာဖြစ်လို့ အရင်နှစ်နဲ့နှိုင်းယှဉ်ရင် တင်ပို့မှုတန်ချိန် ၅၀ ရာခိုင်နှုန်းနီးပါး ပိုမိုတင်ပို့ခဲ့တာ ဖြစ်ပါတယ်။
ပို့ကုန်ဝင်ငွေ အနေနဲ့လည်း သန်း ၂၈၀ ကျော် ပိုမိုရရှိခဲ့တာ ဖြစ်တာကြောင့် ဝင်ငွေမှာလည်း ၃၃ ရာခိုင်နှုန်းကျော် တိုးလာပါတယ်။
ဒါပေမဲ့ တောင်သူတွေအတွက်ကတော့ စပါးဈေးကွက်မှာ ဝယ်ယူသူနည်းပြီး ဈေးမရ ဖြစ်နေတာကြောင့် အရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။
နိုင်ငံတကာဈေးကွက်မှာ ဝယ်လိုအား ကျဆင်းလာတာက ပြည်တွင်းဈေးကွက်ကိုပါ သက်ရောက်မှု ရှိလာတာဖြစ်ပြီး မြန်မာ့ဆန်တင်ပို့မှုဟာလည်း အောက်တိုဘာမှာ ပမာဏအများဆုံး ဖြစ်ခဲ့ပေမဲ့ နိုဝင်ဘာလကစပြီး ဆက်တိုက်ပြန်ကျဆင်းနေပါတယ်။