
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်မှာ ဧပြီ ၄ ရက် ညနေပိုင်းက BIMSTEC အစည်းအဝေးတက်ဖို့ ရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တကိုယ်တော်ဆန္ဒပြလို့ အဖမ်းခံခဲ့ရတဲ့ ထိုင်းတက္ကသိုလ် ကျောင်းသားလေးက သူဆန္ဒပြရတဲ့ အကြောင်းရင်းကို ထိုင်းအင်တာဗျူးတခုမှာ ရှင်းလင်း ဖြေကြားသွားပါတယ်။
အဆိုပါကျောင်းသားလေးဟာ အသက် ၁၉ နှစ်ရွယ်ရှိ ပွမ်း ဖြစ်ပြီး ဘန်ကောက် ထမဆတ်တက္ကသိုလ် ပထမနှစ်မှာ ပညာသင်ကြားနေသူ ဖြစ်ပါတယ်။
ထိုင်းကျောင်းသားလေး ပွမ်းက “အဲဒီနေ့က ကျနော် ဘာကြောင့် အဲသလိုလုပ်ရသလဲဆိုတော့ ကျနော်တို့ရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်ထဲကို ကျရောက်နေပါတယ်။ အပြစ်မဲ့ပြည်သူ ထောင်နဲ့ချီ အသတ်ခံရပြီး သောင်းနဲ့ချီ ဖမ်းဆီးနှိပ်စက်ခံနေရတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီ ထိုင်းအစိုးရက မျက်နှာပြောင်တိုက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက်တယ်၊ အစည်းအဝေး အတူတက်တယ်၊ ပျော်ရွှင်စွာ စားသောက်နေကြတယ်။ ဘာမှမဖြစ်တဲ့အတိုင်းပဲ။ ကျနော်တို့နိုင်ငံနဲ့ ကပ်လျက်က သန်းနဲ့ချီတဲ့ ပြည်သူတွေ ဖိနှိပ်ခံနေရတာကို စိတ်မဝင်စားဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ ထိုင်းနိုင်ငံသားတယောက်အနေနဲ့ မင်းအောင်လှိုင်နဲ့ နိုင်ငံတကာကို ပြောလိုတာက ဒီကိစ္စ လုံးဝ လက်ခံလို့ မရဘူး။ ထိုင်းနိုင်ငံသားတွေ စစ်အာဏာရှင်ကို မလိုလားဘူး၊ မြန်မာပြည်သူတွေနဲ့အတူ တသက်လုံး ရပ်တည်သွားမယ်၊ ကျနော် တခုခုဖြစ်သွားရင် ကျနော့်ကို မကယ်တင်ကြပါနဲ့ ကျေးဇူးပြုပြီး မြန်မာပြည်သူတွေကို ကယ်တင်ကြပါလို့ တောင်းဆိုချင်ပါတယ်”လို့ ပြောသွားပါတယ်။
အဆိုပါ ဗွီဒီယိုကို ထိုင်း UDD news မှာ ဖြန့်ဝေထားပြီး လူအတော်များများက ထောက်ခံ ချီးကျူးထားကြပါတယ်။
အဆိုပါကျောင်းသားလေးဟာ ရှန်ဂရီလာဟိုတယ်ထဲမှာ တကိုယ်တော်ဆန္ဒပြမှုကြောင့် ယန်နာဝါနယ်မြေရဲစခန်းမှာ ခဏတာ ထိန်းသိမ်းခံရပြီး ထိုင်းလူ့အခွင့်အရေးဆိုင်ရာရှေ့နေအဖွဲ့က သွားရောက်ညှိနှိုင်းပေးတာကြောင့် ဧပြီ ၄ ရက် ည ၇ နာရီကျော်မှာ ပြန်လွတ်လာခဲ့ပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာပဲ ရှန်ဂရီလာဟိုတယ်အနီးမှာ မင်းအောင်လှိုင်ကို ကန့်ကွက်ကြောင်း စာတမ်းကိုင် ဆန္ဒထုတ်ဖော်ခဲ့တဲ့ မြန်မာလူငယ် ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ ၂ ယောက်လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ လက်တွဲကူညီ အေအေစီအဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကြီးက DVB ကိုပြောပါတယ်။
“သူတို့နှစ်ယောက်က ဆန္ဒတောင် မပြရသေးဘူး၊ မင်းအောင်လှိုင် ကန့်ကွက်စာတန်းပါ စာရွက်ကိုင်ပြီး မိတ္တူကူးစက်ဆိုင်မှာ ကော်ပီဆွဲနေတုန်း လာဖမ်းသွားတာ။ အခုထက်ထိ ဘန်ကောက် IDC လဝကရုံး အချုပ်ထဲမှာပဲ။ မြန်မာပြည် ပြန်ပို့ပြီး စစ်ကောင်စီလက်ထဲ အပ်မယ်လို့လည်း သတင်းကြားတယ်။ ဆန္ဒပြတဲ့ ထိုင်းလူငယ်က ညတွင်းချင်း လွတ်လာပြီး ဆန္ဒတောင် မပြရသေးတဲ့ မြန်မာလူငယ်တွေကို အချုပ်ထဲထည့်ထားတာ မတရားပါဘူး။”
ဖမ်းဆီးခံ မြန်မာလူငယ် ၂ ယောက် ပြန်လွတ်ရေးအတွက် မြန်မာ့အရေးလှုပ်ရှားသူတွေက ထိုင်းလူ့အခွင့်အရေးဆိုင်ရာရှေ့နေများအဖွဲ့နဲ့ တိုင်ပင်နေပါတယ်။
မနေ့ ဧပြီ ၅ ရက် ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးထံ လွှဲပေးဖို့ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ သွားရောက်ဆန္ဒပြတဲ့ Bright Future နွေဦးတော်လှန်ရေးသပိတ်အဖွဲ့ဟာ ထိုင်းမျိုးချစ်ဝါဒီအဖွဲ့တွေရဲ့ လာရောက် တားဆီး နှောင့်ယှက်ရိုက်နှက်တာ ခံခဲ့ရပါတယ်။