Home
မြန်မာသတင်း
ငလျင်ဘေးသင့် ပြည်သူများထံ နိုင်ငံတကာအကူမရောက်၊ စစ်တပ်က လေကြောင်းမှ ဆက်လက် ဗုံးကြဲနေ  
DVB
·
April 5, 2025

မန္တလေးနဲ့ စစ်ကိုင်းက ငလျင်ဒဏ်သင့် အခြေခံလူထုဆီ နိုင်ငံတကာကပေးတဲ့အကူအညီတွေ မရောက်လာကြောင်းနဲ့  လေကြောင်းကနေ ဆက်ပြီး ဗုံးတွေကြဲချပြီး တိုက်ခိုက်နေတယ်လို့  ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

မတ် ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ဒေသတွင်း အိန္ဒိယ၊ တရုတ်တို့အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ ပြည်တွင်းကိုဝင်ရောက်ခဲ့ကြတာပါ။

အကူအညီပေးရေးအဖွဲ့တွေနဲ့အတူ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ငွေကြေးအကူအညီတွေကို နိုင်ငံတကာအစိုးရတွေက စစ်ကောင်စီကတဆင့်ကူညီဖို့ ကြိုးစားခဲ့ပေမဲ့ လက်တွေ့မြေပြင်က အခြေခံပြည်သူတွေဆီ အကူအညီတွေ ရောက်မလာခဲ့ဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အကူအညီတွေ မပေးတဲ့အပြင် စစ်ကောင်စီက ငလျင်လှုပ်ပြီးနောက် လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့လှမ်းပစ်တာ၊ မြေပြင်စစ်ကြောင်းထိုးတာတွေကို ဆက်လုပ်နေတာပါ။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုလမ်းကြောင်းအခြေအနေအရ မန္တလေးတိုင်း၊ စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တလျှောက် PDF တွေရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းလို့ ယူဆတဲ့နေရာတွေကို ဦးတည်နေတာတွေ့ရပါတယ်။

မတ္တရာ PDF အဖွဲ့မှ ဦးတိုးက “ဧပြီ ၂ ရက်ညပိုင်းမှာ  စကစကနေပြီးတော့ ရက် ၂၀ ကြာ ယာယီအပစ်အခတ်ရပ်စဲရေးကာလဆိုပြီးတော့ ကြေညာချက်ထုတ်တာရှိတယ်။ အပိုဒ် ၄ မှာ သူကပြန်ဖြည်ထားတယ်၊ စုဝေးတယ်တို့ လေ့ကျင်တယ်တို့ လှုပ်ရှားသွားလာတယ်တို့ဆိုရင် သူက တိုက်ခိုက်မယ်ဆိုပြီး ပြောထားတာရှိတယ်။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော ဧပြီ ၃ ရက်နေ့မှာ မန္တလေးတိုင်းအတွင်းမှာ သပိတ်ကျင်းမြို့နယ် ၇ မိုင် အဲ့ဒီပတ်ဝန်းကျင်ကို နေ့လယ် ၁၂ နာရီ ၃၅ ဝန်းကျင်လောက်မှာ စကစက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာရှိတယ်။ ဒါမန္တလေးတိုင်းအတွင်းမှာဖြစ်တာ။ မင်းအောင်လှိုင်ရဲ့ ကြေညာချက်သည် အပြောတမျိုး အလုပ် တမျိုး ယုံကြည်စရာလုံးဝမရှိဘူး။ အခု နိုင်ငံတကာကဝင်လာတဲ့ အကူအညီတွေသည် ငလျင်ဒဏ်ခံစားရတဲ့ အခြေခံလူထုဆီကိုလည်း မရောက်ဘူး။ အဲ့ဒါကို ထင်ထင်ရှားရှားတွေ့နေရတယ်။ အသံတွေလည်း ကျယ်ကျယ်လောင်လောင်ကြားနေရတယ်။ အဲ့ဒီအတွက် ကျနော်တို့လည်း စိတ်မကောင်းဘူး” လို့ ပြောပါတယ်။

ဧပြီ ၃ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်မှာ Y12 လေယာဉ်နဲ့ ဗုံးသီး ၃၁ လုံးချခဲ့သလို ယင်းမာပင်မြို့နယ်မှာလည်း ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာလည်း ရှောင်တခင်စစ်ဆေးရေးဝင်တဲ့ပုံစံနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း နဲ့ ဆက်စပ်နေတဲ့ ကချင်ပြည်နယ် ဝိုင်းမော်ဘက်ကိုလည်း စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး ဗန်းမော်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာအပြီး တိုက်ခိုက်မှုတွေမှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမဲ့ DVB က အတိအကျ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ယင်းမာပင်ဒေသခံတယောက်က “ဧပြီ ၃ ရက် ည ၉ နာရီ မိနစ် ၃၀ မှာ ပါရာမော်တာနဲ့ ယင်းမာပင်နယ်အရှေ့ဘက်ခြမ်းက နှောပင်ရွာ၊ အင်းပတ်ရွာ၊ ကျောက်မှော်၊ ကျွန်းမှော်ရွာ တွေမှာ ဗုံး ၅ လုံးချသွားတယ်။ ပြည်သူ ဒေါ်တင်မြိုင် အသက် ၆၉ နှစ်ဟာ ခြေထောက်နှစ်ဖက်လုံး ပြင်းထန်ဒဏ်ရာရသွားတယ်။ ဧပြီ ၄ ရက်ည ၇ နာရီအချိန်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေပြီးတော့ ပါရာမော်တာတစီးတက်လာပြီးတော့ ကျောက်မှော်ရွာနဲ့ ပန်းထိမ်မြင်ရွာကြားကို ၂ လုံးချသွားတယ်။ ထိခိုက်ဘာညာကတော့ စုံစမ်းဆဲဖြစ်တယ်” လို့ ပြောပါတယ်။ 

မတ် ၂၈ ရက်ကနေ  ဧပြီ  ၃ ရက် အထိ ၇ ရက်အတွင်းမှာ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၆၈ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၈ ယောက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီက ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ ဘင်းမ်စတက်အစည်းအဝေးမတိုင်ခင် ဧပြီ ၂ ရက်နေ့မှာ ယာယီ အပစ်ရပ်ကြောင်းကြေညာခဲ့တာဖြစ်ပြီး ဒီထုတ်ပြန်ချက်ဟာ အစည်းအဝေးမှာ နိုင်ငံတကာ ခေါင်းဆောင်တွေကို လှည့်ဖြားပြောဆိုနိုင်ဖို့ရည်ရွယ်ချက်သာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013