Home
မြန်မာသတင်း
အိုးဘိုထောင်တွင်း နိုင်ကျဉ်း ၆ ဦးကျဆုံးဟု အတည်ပြု၊ အဆောင်များထပ်ပြိုမည်စိုးရိမ်နေ
DVB
·
April 5, 2025

ငလျင်ဒဏ်ကြောင့် မန္တလေး၊ အိုးဘိုအကျဉ်းထောင်တွင်းမှာ ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ ၆ ယောက်ရဲ့ နာမည်တွေကို နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဧပြီ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

မတ် ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အိုးဘိုထောင်က အမျိုးသမီးအဆောင် ၁ နဲ့ အဆောင် ၂ တို့ ပြိုကျခဲ့တာကြောင့် အဲဒီအဆောင်တွေမှာ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူတွေထဲက မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်းနဲ့ မဖူးဝေဝေ တို့ အသက်ဆုံးရှုံးခဲ့ရတာကို PPNM အ‌နေနဲ့ စုံစမ်းအတည်ပြုသိရှိထားတယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် အိုးဘိုထောင်မှာ အနည်းဆုံး လူ ၁၂ ယောက်သေဆုံးတယ်ဆိုတဲ့ သတင်းကိုမူတည်ပြီး စုံစမ်းခဲ့ရာမှာ အခု နိုင်ငံရေးအကျဉ်းသူ ၆ ယောက်ပါတယ်ဆိုတာကို သိရတဲ့အပေါ် မိသားစုနဲ့ ပြည်သူတွေကို အသိပေးတာလို့ ဆိုပါတယ်။

PPNM ရဲ့တာဝန်ခံ ကိုသိုက်ထွန်းဦးက “လက်ရှိအချိန်မှာတော့ တဦးချင်းစီရဲ့ ဘိုင်အိုဂရပ်ဖီ(ကိုယ်ရေးအချက်)တွေ၊ သူတို့ရဲ့ပုဒ်မတွေကိုတော့ ပြောဖို့ ကျနော်တို့ မရည်ရွယ်ထားသေးပါဘူးခင်ဗျ။ ခု ကျနော်တို့ ပြောလို့ရတာက လက်ရှိ ကျဆုံးသွားတဲ့သူတွေဟာ နိုင်ငံရေးအကျဉ်းသူတွေဖြစ်တယ်။ ၅၀၅ နဲ့ အကျဉ်းကျထားတဲ့သူတွေအပါအဝင် ၅၁၊ ၅၂ လို့ အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲအကျဉ်းချခံထားရသူတွေ ပါပါတယ်ဗျ။ အဲဒီထဲမှာ တဦးကတော့ နိုင်ငံရေးမှုနဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ငလျင်ကြောင့် ဆက်သွယ်ရေးတွေပြတ်တောက်ခဲ့ပြီး အခြေအနေတွေကို ကျဆုံးသူတွေရဲ့ မိသားစုဝင်တွေ သိချင်မှသိနိုင်မှာဖြစ်လို့ နာမညတွေကို အခုလိုထုတ်ပြန်တာလို့လည်း သူက ပြောပါတယ်။

ငလျင်ကြောင့် အိုးဘိုထောင်က အမျိုးသမီးအဆောင်တွေဖြစ်တဲ့ အဆောင် ၁ နဲ့ ၂၊ အမျိုးသမီးဆေးရုံဆောင်တွေနဲ့ အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်တွေကို ကာရံထားတဲ့ အုတ်ရိုးတွေ ပြိုကျခဲ့တယ်လို့ PPNM က ဆိုပါတယ်။

ဒါ့အပြင် ပြင်းထန်ထိခိုက်ဒဏ်ရာကြောင့် စိုးရိမ်ရသူ ၉ ယောက်၊ ဆေးရုံတက်ဖို့ လိုအပ်သူအယောက် ၄၀ ကျော်ရှိပေမဲ့ တချို့ထိခိုက်ဒဏ်ရာတွေဟာ အကျဉ်းထောင်မှာကုဖို့မလွယ်လို့ ပြင်ပဆေးရုံဆီပို့ဖို့လိုပေမဲ့ ကုသခွင့်မရဘူးလို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ မိသားစုဝင်တွေနဲ့ ဆက်သွယ်တွေ့ဆုံခွင့်မရသလို လက်ရှိ အကျဉ်းထောင်မှာ ဆေးဝါးလိုအပ်ချက်အများကြီးရှိနေပြီး အရက်ပြန်၊ ဂွမ်း၊ အနာကျက်ဆေးရည်၊ ပတ်တီး စတဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ငလျင်ကြောင့် မန္တလေး အိုးဘိုထောင်ထဲက ယာယီအချုပ်ထောင် တိမ်းစောင်းသွားပြီး အဆောင်အများစု မျက်နှာကျက်တွေပြိုကျတာ၊ ပက်ကြားအက်တွေဖြစ်သွားလို့ စိတ်မချရတဲ့အတွက် အကျဉ်းသားတွေဟာ ဒီနေ့အထိ အဆောင်တွေထဲ ပြန်မဝင်ရဲကြဘဲ တောင်ယာခင်းတွေမှာ စောင်တွေကိုအမိုးအကာလုပ်ပြီး နေနေကြတယ်လို့ ထောင်ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

အကျဉ်းသားမိဘတယောက်က “၂၈ ရက်နေ့ ငလျင်လှုပ်တဲ့အချိန်က တန်းပိတ်ချိန်ဖြစ်နေပြီ၊ ငလျင် ၂ ကြိမ်လုံး ပြီးသွားတဲ့အချိန် အတော်ကြာမှ တံခါးလာဖွင့်ပေးတယ်။ အဆောင်က နံရံတွေအက်ကွဲပြိုကျ မျက်နှာကျက်တွေပြိုနဲ့ ထိတဲ့သူတွေထိနဲ့ ဒီနေ့အထိ ထောင်ဆေးရုံမှာ လူ ၅၀ လောက် တင်ထားရတယ်။ ဆေးရုံမဆံ့လို့ ကြမ်းပေါ်မှာ ဒီအတိုင်းချထားရတယ်။ ဆေးဝါးကတော့ ထောင်မှာ ဘာမှမရှိဘူး။ အဲဒီနေ့ ငြိမ်သွားတော့ အားလုံးကိုအဆောင်တွေထဲပြန်ဝင်ခိုင်းတာ၊ ဘယ်သူမှ မဝင်ရဲဘူးဆိုပြီး အုပ်လိုက်ဝိုင်းပြောတော့မှာ အဆောင်အပြင်မှာ နေလို့ရတာ။ နောက်နေ့  ၂၉ ရက်နေ့မှာ အဆောင်ထဲကိုဇွတ်အတင်းပြန်ဝင်ခိုင်းတာ။ အဲဒါကို မဝင်ကြလို့ဆိုပြီး  အပြင်မှာစစ်တပ်ကစွဲထားတယ်။ ခုလှမ်းခေါ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တာ” လို့ ပြောပါတယ်။

ငလျင်လှုပ်တဲ့နေ့က နိုင်ကျဉ်းအမျိုးသမီးတယောက်ဆုံးပါးသွားခဲ့ပြီး ထောင်အတူကျခံနေရတဲ့ သူ့သားက နောက်ဆုံးကန်တော့ခွင့်တောင်းပေမဲ့မရဘဲ အခုအချိန်အထိ တိုက်ပိတ်ခံနေရတယ်လို့လည်း ဆက်ပြောပါတယ်။

ထောင်ဝင်စာတွေ့ပြီးပြန်လာသူတယောက်ကလည်း “အမျိုးသမီးအဆောင်မှာကလည်း အကျဉ်းသူတွေက အဆောင်တွေထဲ ပြန်မဝင်ရဲကြဘူး။ အပေါ်ထပ်ကြမ်းခင်းတွေကလှုပ်နေလို့။ အောက်ထပ်က အခန်း ၃ နဲ့ ၄ ကိုတော့        မနေ့က လူတွေပြန်နေခိုင်းနေပြီ” လို့ ပြောပါတယ်။

ထောင်ဝင်စာကိုတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ကစလို့ ပြန်ဖွင့်ပေးထားတယ်လို့ သိရပြီး ထောင်က အဆောက်အအုံနဲ့ အုတ်ရိုးတွေဟာ နဂိုကပဲ ကြံ့ခိုင်မှုနည်းပြီး အဆောင်တွေမှာ လူအများကြီးထားတာကြောင့် စိုးရိမ်နေကြရတယ်လို့ အကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။(ဆက်စပ် သတင်းလင့် https://www.dvb.no/post/698220

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013