
အင်အားပြင်း မြေငလျင်ကြောင့် မန္တလေးမြို့ရှိ ကျောက်စိမ်းဈေးကွက် ရပ်ဆိုင်းတယ်လို့ ကျောက်ကုန်သည်တွေကဆီက သိရပါတယ်။
ကျောက်စိမ်းကုန်သည်တယောက်က “ကျောက်စိမ်းဈေးကွက်တော့ ရပ်တန့်သွားပြီ လောလောဆယ်တော့။ ကျောက်ဝိုင်းလည်း မဖွင့်တော့ဘူး။ ဘာမှလည်း လုပ်လို့မရတော့ဘူး။ ဒီအချိန်မှာ အသက်မဆုံးရှုံးရင် ကံကောင်းပဲ” လို့ ပြောပါတယ်။
ကျောက်သမားတယောက်ကတော့ အတိအကျ မသိရပေမဲ့ လောလောဆယ် ယာယီပိတ်ထားသေးတယ်၊ ဘာအထိအခိုက်မှတော့ မရှိဘူးလို့ ပြောပါတယ်။
ဒီတရက် နှစ်ရက်အတွင်း ဝိုင်းလာဖွင့်သူတွေ၊ ပွဲစားတွေ တချို့ရှိပေမဲ့ ဘာမှ လုပ်လို့မရဘူးလို့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တယောက်ကလည်း ပြောပါတယ်။
“ငလျင်ကြောင့်တော့ ဘယ်လိုလဲဆိုတော့ ဝိုင်းက ဖွင့်တော့ဖွင့်တယ်။ ဒါပေမဲ့ ကုန်သည်တွေက မလာရဲဘူးလေ။ ရပ်ဆိုင်းတဲ့ပုံစံပဲ ပြောလို့ရမှာပေါ့။ ဘယ်သူမှ လာပြီးတော့ အရောင်းအဝယ် မလုပ်ရဲကြတော့ဘူး။”
အိမ်ခံတွေဖွင့်မယ် ဆိုရင်လည်း အသံနည်းနည်းကြားလို့ရှိရင် လုချင်တဲ့ကောင်တွေ၊ ချောင်းနေတဲ့ ကောင်တွေက သတ်သတ်ရှိနေတာကြောင့် စိုးရိမ်တာလည်း ပါတယ်လို့ သူက ပြောပါတယ်။
“အခုက ကြောက်လန့်ပြီးတော့ ကျောက်ဝိုင်းထဲ မခင်းရဲကြဘူး။ အရောင်းအဝယ်လည်း မလုပ်ရဲကြဘူး။ အခု ပိတ်နေကြတာပေါ့။ ကျနော်တို့တောင်မှ အလုပ်မလုပ်ရဘူး။ ထိုင်နေရတယ်။”
ကျောက်ဝိုင်းရဲ့ မီးစက်ထားတဲ့နေရာဝောာ့ ကားဝင်းဘက်က အုတ်နံရံပြိုကျထားတာရှိပြီး ဝိုင်းထဲမှာတော့ နံရံ နည်းနည်းပါးပါးနဲ့ air-condition တွေ ပျက်သွားတယ်လို့ ဒေသခံကုန်သည်က ပြောပါတယ်။
ဟိုတယ်တွေမှာ လချီကြာ ငှားနေကြတဲ့ တရုတ်ကျောက်ကုန်သည်တချို့ ငလျင်ထဲ ပါသွားတယ်လို့ သိရကြောင်း ကျောက်ဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ဖားကန့်ဘက်မှာလည်း လတ်တလော ကျောက်စိမ်းဈေးကွက် အေးနေပြီး အရည်ကျောက်ကလွဲရင် တခြားကျောက်တွေ ဈေးကွက်မရှိဘူးလို့ ဖားကန့်မှာ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
Pra Jaw