
ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျခဲ့တဲ့ နေအိမ်နဲ့ အဆောက်အအုံတွေကို ရှာဖွေ ကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးအတွက် စက်ယန္တရားကြီးတွေကို ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းရှင်တချို့က အခမဲ့ငှားရမ်းပြီး ကူညီပေးနေပါတယ်။
စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့မှာ နေအိမ်၊ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၂၀၀၀ ကျော်ရှိနေပါတယ်။
ဆက်လက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ဖို့ စက်ယန္တရားကြီးတွေ လိုအပ်နေတာဖြစ်ပြီး လက်ရှိမှာလည်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့ စက်ယန္တရားကြီးတွေနဲ့ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်။
ဓူဝံနန်းကုမ္ပဏီမှ ဒေါ်အေသင်ကိုက “ ဒီမြေငလျင်ဘေးမှာ ကျမကိုယ်တိုင်ကလည်း မန္တလေးမှာ ရှိနေတာလေ။ အဲဒီချိန်မှာ ဒီဖြစ်ပျက်သွားတဲ့ဖြစ်ပျက်ကြီးက တော်တော်ကို ဆိုးဆိုးဝါးဝါးကြီး ဖြစ်သွားတယ်။ ကျမတို့ဘက်က နိုင်သလောက် အင်အားလေးနဲ့ ပြည်သူကို ပြည်သူချင်း နိုင်သလောက် အင်အားလေးနဲ့ ကူညီတာ”လို့ ပြောပါတယ်။
စက်ယန္တရားရှိသူတွေက ရှာဖွေကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးအတွက် ဝိုင်းဝန်းပြီး မြန်မြန် ပူးပေါင်းဆောင်ရွက်စေချင်တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။
လူမှုကူညီရေးအသင်း တာဝန်ရှိသူက “စက်ယန္တရားကြီးတွေ မြန်မြန်ရောက်လိုရှိရင် ပြိုပျက်နေတဲ့ အဆောက်အအုံကြားက လူသေအလောင်းတွေ မြန်မြန်ရှာတွေ့နိုင်တယ်။ ရက်ကြာလာတာနဲ့အမျှ အနံ့အသက်တွေက တအားဆိုးနေတာပေါ့။ ကျန်းမာရေးအရ ထိခိုက်တာပေါ့။ ဒီစက်ယန္တရားရှိတဲ့ လူတွေအနေနဲ့ ဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်ရင် သန့်ရှင်းရေးအပိုင်းကော ဒီရှင်းလင်းရေးအပိုင်းကော မြန်မြန်ပြီးသွားမှာ”လို့ ပြောပါတယ်။
ငလျင်ကြောင့် ပြိုပျက်သွားတဲ့ တဦးတယောက်ရဲ့ အိမ်ကို အများကောင်းမှုလေးနဲ့ အများစုပေါင်းပြီး တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တယောက်က မေတ္တာရပ်ခံထားပါတယ်။
ဓူဝံနန်းကုမ္ပဏီမှ ဒေါ်အေသင်ကိုက “ကျမတို့ ဒီအချိန်မှာ အားလုံးခက်ခဲနေကျတယ်။ တတ်နိုင်တဲ့သူတွေက တတ်နိုင်သလောက်အားလေးနဲ့ တဦးစာကို အများစာလေးနဲ့ ဝိုင်းပြီးတော့လုပ်ပေးကြပါ။ အားလုံးကို မေတ္တာရပ်ခံချင်တာပါ။ အဓိကကတော့ ပြိုပျက်သွားတဲ့ တဦးတယောက်ရဲ့ အိမ်ကို အများကောင်းမှုလေးနဲ့ အများစု ပေါင်းအားလေးနဲ့ ဝိုင်းဝန်းပြီးတတ်နိုင်သလို ကူညီပေးကြပါ။ ဒုက္ခအတိရောက်နေတော့လေ။ ကျမတို့က မြေပြင်မှာ လက်တွေ့ တွေ့နေတဲ့သူတွေဆိုတော့ ရင်နဲ့မမျှဘူး”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၄,၁၅၉ ယောက်၊ ဒဏ်ရာရသူ ၆,၁၆၈ ယောက်၊ ပျောက်ဆုံးနေသူ ၇၆၉ ယောက်နဲ့ ကယ်ဆယ် ရရှိသူ ၄၉၈ ယောက်ရှိပြီလို့ ဧပြီ ၄ ရက် ည ၈ နာရီ အထိ DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။
အောင်ခန့်