
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးကြရတဲ့ မြန်မာနဲ့ ထိုင်းပြည်သူတွေအတွက် အထူးဝမ်းနည်းကြေကွဲရကြောင်းနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အပစ်ရပ် ကြေညာချက်တွေကို ထောက်ခံတဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဧပြီ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအနေနဲ့ အနှောင့်အယှက်၊ ဒါမှမဟုတ် ခွဲခြား ဆက်ဆံမှုမရှိဘဲ လိုအပ်နေသူအားလုံးဆီ အသက်ကယ်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အချိန်နဲ့တပြေးညီ ထိရောက်စွာ ပေးအပ်နိုင်စေရေးအတွက် ဘေးကင်း အဆင်ပြေတဲ့ ပတ်ဝန်းကျင် အရေးပါမှုကို ထပ်မံအတည်ပြုခဲ့သလို အဆိုပါဝန်းကျင်ကို ဖန်တီးနိုင်စေဖို့ အပစ်ရပ်ကြေညာချက်တွေကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ ကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုက်အဝန်းတွေရဲ့ အရေးပေါ် အသက်ကယ်အကူအညီတွေ ထောက်ပံ့ကူညီမှုတွေ လျင်မြန်စွာ ပံ့ပိုးပေးတာတွေ အားလုံးအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ငလျင်ဘေးကယ်ဆယ်ကူညီဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဌာန က မတ် ၃၀ ရက်ကနေ အချိန် ၂ ပတ်ကြာအပစ်ရပ်ဖို့ ကြေညာခဲ့သလို MNDAA၊ TNLA၊ AA နဲ့ KIA တို့က အပစ်ရပ်တယ်လို့ ကြေညာပြီးနောက်မှာ စစ်ကောင်စီကလည်း ၂၁ ရက်ကြာအပစ်ရပ်မယ်လို့ ဧပြီ ၂ ရက်မှာ ထုတ်ပြန်လာတာပါ။
ဒါပေမဲ့ စစ်ကောင်စီဟာ မတ် ၂၈ ရက် အင်အားပြင်း ငလျင်ကြီး လှုပ်နေတုန်းနဲ့ လှုပ်ပြီး နောက်ရက်တွေမှာလည်း လေကြောင်းကနေ နေ့တိုင်း တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၄,၁၅၉ ယောက်၊ ဒဏ်ရာရသူ ၆,၁၆၈ ယောက်၊ ပျောက်ဆုံးနေသူ ၇၆၉ ယောက်နဲ့ ကယ်ဆယ် ရရှိသူ ၄၉၈ ယောက်ရှိပြီလို့ ဧပြီ ၄ ရက် ည ၈ နာရီ အထိ DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။
ဒီအရေအတွက်ဟာ DVB မှ လက်လှမ်းမီသလောက်ရရှိထားတဲ့ ကိန်းဂဏန်းတွေသာ ဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲအခြေအနေဖြစ်တာ ကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။