Home
မြန်မာသတင်း
ငလျင်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၇၀,၀၀၀ ကျော် အန္တရာယ်ရှိနေဟု ကုလ ပြော
DVB
·
April 5, 2025

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံက ကိုယ်ဝန် ဆောင်အမျိုးသမီးဦးရေ အနည်းဆုံး ၁၇၃,၈၅၅ ယောက် အန္တရာယ်ရှိနေတဲ့အပြင် အများစုမှာ အသက်ကယ် မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုတွေ ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ဧပြီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော် မြို့တွေမှာ ကျန်းမာရေး ဆေးခန်းနဲ့ ဆေးရုံ တွေအပါအဝင် အဆောက်အအုံတွေ ပျက်စီးမှု အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး ငလျင်ဘေးသင့် ဒေသတွေမှာ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေအပြင် ရေသန့်၊ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ တခြားအသက်ကယ်လိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

UNFPA ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ကိုယ်စားလှယ် ဂျေမီ နာဒယ်လ် ရွိုင်းက “ငလျင်လှုပ်တာတောင်မှ မွေးဖွားမှုက ရပ်မသွားပါဘူး။ UNFPA အဖွဲ့တွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ လိုအပ်တဲ့ အသက်ကယ် ထောက်ပံ့မှု ရရှိစေဖို့ အတွက် နေ့ရော ညပါ လုပ်ဆောင်နေကြပါတယ်။ ဒီအကျပ်အတည်းက အမျိုးသမီးတွေ ရဲ့ အခွင့်အရေး၊ သူတို့ရဲ့ ဘေးကင်းလုံခြုံမှု၊ ဒါမှမဟုတ် သူတို့ရဲ့ အနာဂတ်ကို ဖယ်ထုတ်ဖို့ ကျနော်တို့အနေနဲ့ ခွင့်မပြုနိုင်ပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေချိန်မှာ မြေငလျင်ကြောင့် မြန်မာနိုင်ငံမှာ ပြင်းထန်စွာ ထိခိုက်ခဲ့သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လည်း ပိုမိုနက်ရှိုင်းလာစေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

UNFPA အနေနဲ့ ထိခိုက်ခံစားရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အရေးပေါ် လိုအပ်ချက်တွေကို ဖြေရှင်းနိုင်ရေးအတွက် အရေးပေါ်ရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၅ သိန်း ခွဲဝေချထားပေးခဲ့သလို အရေးပေါ်တုံ့ပြန်မှုအဖွဲ့က မန္တလေးတိုင်းထဲမှာ လက်တွေ့လုပ်ဆောင်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ မရှိမဖြစ် လိုအပ်တဲ့ တကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ၊ သန့်ရှင်းတဲ့ ကလေးမွေးဖွား မှုဆိုင်ရာ ပစ္စည်းတွေကို ပံ့ပိုးနိုင်ဖို့ ဆေးသေတ္တာတွေ ဖြန့်ဝေပေးနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရွေ့လျားကျန်းမာရေးအဖွဲ့ ၃ ဖွဲ့ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ မျိုး ဆက်ပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရတဲ့ ဒေသတွေမှာ အရေးပေါ်ဆေးကုသမှုတွေ ဆောင်ရွက်ပေးနိုင်ဖို့လည်း စေလွှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာ စကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၄,၁၅၉ ယောက်၊   ဒဏ်ရာရသူ ၆,၁၆၈ ယောက်၊ ပျောက်ဆုံးနေသူ ၇၆၉ ယောက်နဲ့ ကယ်ဆယ်ရ ရှိသူ ၄၉၈ ယောက်ရှိပြီလို့  ဧပြီ ၄ ရက် ည ၈ နာရီ အထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီအရေအတွက်ဟာ DVB မှ လက်လှမ်းမီသလောက်ရရှိထားတဲ့ ကိန်းဂဏန်းတွေသာ ဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲအခြေအနေဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013