
ထိုင်းနိုင်ငံမှာ မွေး၊ ထိုင်းမှာ နေပြီး မြန်မာပြည်အတွက် စစ်သား စုဆောင်းခံရမယ်လို့ ဆက်ပိုင် ကြိုတွေးမထားမိပါဘူး။ ဆက်ပိုင်ကို ထိုင်းနိုင်ငံ ရနောင်းမြို့မှာ မွေးတယ်။ အဖေဖြစ်သူက ရနောင်းမြို့မှာ ရေလုပ်ငန်းတခုကို လုပ်ကိုင်နေစဉ်မှာ သူ့ကို မွေးခဲ့တာလို့ပဲ ကောင်းကောင်း မှတ်မိနေတာပါ။ ရနောင်းမြို့ဆေးရုံက သူ့ကို မွေးစာရင်းထုတ်ပေးခဲ့သလား ဆိုတာတော့ သူမသိပါဘူး။
“အဖေနဲ့ အမေက ကျနော့်ကို ရနောင်းမှာမွေးခဲ့တာလို့ပဲ ပြောပြတယ်။ မွေးစာရင်းရှိမရှိ ဆိုတာတော့ မပြောပြဖူးဘူး” လို့ ဆက်ပိုင်က သူ့ငယ်ဘဝအကြောင်းကို ပြောပြပါတယ်။
ဆက်ပိုင်တယောက် ကျောင်းနေအရွယ်ရောက်လာတော့ မြန်မာနိုင်ငံကို ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကျောင်းတက်ဖို့ဆိုပြီး မိဘတွေက ပြန်ပို့လိုက်တာပါ။ မြန်မာနိုင်ငံမှာ ပြန်ပြီး ကျောင်းတက်ရတယ် ဆိုပေမဲ့ ဆက်ပိုင်တယောက် ပညာကို ဆုံးခန်းတိုင်အောင် သင်ယူခွင့် မရလိုက်ပါဘူး။ အလုပ်လုပ်တတ်တဲ့ အရွယ်ရောက်တော့ မိဘတွေရှိတဲ့ ထိုင်းနိုင်ငံကို ပြန်ရောက်လာပါတယ်။
ထိုင်းနိုင်ငံမှာ မိဘတွေနဲ့အတူ အလုပ်လုပ်ကိုင်လာတာ ဆယ်စုနှစ် ၂ ခု မကတော့ပါဘူး။ လက်ရှိ အလုပ်လုပ်နေတဲ့နေရာက ရနောင်းမှာ မဟုတ်တော့ဘူး။ ဘန်ကောက်မှာပါ။ ဘန်ကောက်ကို ပြောင်းနေကြတာ ဆယ်နှစ်ကျော်သွားပြီလို့ ဆက်ပိုင်က ပြောပါတယ်။
ဘန်ကောက်ရဲ့ လမ်းမတနေရာမှာ ဆက်ပိုင်ရဲ့ ဘဝအချိုးအကွေ့တခုကို စပြီး ကြုံလိုက်ရတယ်။ ကောင်းတဲ့အချိုးအကွေ့တခုတော့ မဟုတ်ခဲ့ဘူး။ တရားမဝင် နေထိုင်သူအဖြစ်နဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခံရတော့မယ့် ဂငယ်ကွေ့တခုကို ဗြုန်းစားကြီး ချိုးကွေ့ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။ လိုင်စင်မရှိတဲ့ဆိုင်ကယ် စီးနင်းတဲ့အတွက် ထိုင်းရဲတွေက ဆိုင်ကယ်ကို သိမ်းယူထားလိုက်ပါတယ်။ နောက်တနေ့မှာ ခါတိုင်းလိုပဲ ရဲစခန်းမှာ အသိမ်းခံထားရတဲ့ ဆိုင်ကယ်ကို ရွေးဖို့အသွား လမ်းတနေရာမှာ ထိုင်း လဝက တာဝန်ရှိသူတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။
“ရဲစခန်းမှာ ဆိုင်ကယ်ပြန်ရွေးဖို့သွားတာ၊ ဆိုင်ကယ်သွားထုတ်ရင်းနဲ့ လမ်းမှာ တောမောင်းနဲ့ ထပ်တိုးတာ” လို့ ဆက်ပိုင်က သူ စပြီး အဖမ်းခံရတဲ့နေ့ကအကြောင်းကို ပြောပြပါတယ်။
တောမောင်းလို့ခေါ်တဲ့ လဝကရဲတွေရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရချိန်မှာတော့ သူ့ရဲ့ သက်တမ်းတိုးမထားတဲ့ အထောက်အထားတွေကိုပါ စစ်ဆေးတွေ့ရှိသွားတာလို့ ဆိုပါတယ်။ ထိုင်းလဝက ရဲတွေက ဆက်ပိုင်ကို အချုပ်ခန်းတခုမှာ ထိန်းသိမ်းထားပါတယ်။
“အချုပ်ခန်းထဲမှာထားတာ ရက်ပေါင်း ၂၀ ရှိတယ်။ နောက်တော့ ကမ္ဘာ့ရုံးချုပ်ကို ပို့တာ။ အဲဒီကနေမှ ရနောင်းကို ထပ်ပို့တာ။ အချုပ်ထဲမှာပဲ အတော်လေးကြာသွားတယ်” လို့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့နောက်ပိုင်း သူ့ကို အဆင့်ဆင့် ပို့ဆောင်ခဲ့တဲ့ နေရာတွေအကြောင်းကို ပြောပြပါတယ်။
ဆက်ပိုင်ကို ဒုတိယမြောက်နေရာကို ပြောင်းရွှေ့တော့ အဲဒီနေရာကို ကမ္ဘာ့ရုံးချုပ် ဆိုတာပဲ သူ သိထားပါတယ်။ အခေါ်အဝေါ် အရှည်ကိုတော့ သူမသိပါဘူး။ သူ မှတ်မိနေသေးတာက ဒီ ကမ္ဘာ့ရုံးချုပ် ဆိုတဲ့နေရာမှာ တန်းလျားရှည် အဆောက်အအုံ ၆ ခုရှိပြီး အဲဒီအဆောက်အအုံထဲမှာ သူနဲ့အတူ တခြား ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေ ရှိနေတယ် ဆိုတာပါပဲ။
“ပထမဆုံး စပြီးထားတဲ့ အချုပ်ခန်းမှာတော့ ကျွေးတာ ဝက်သားဟင်းပါတယ်။ ထမင်း သုံးနပ် ကျွေးတယ်။ ကမ္ဘာ့ရုံးချုပ်ရောက်တော့ လူတွေလည်း များလာတယ်။ အစားအသောက်က ကျွေးတာ နည်းသွားတယ်။ ထမင်းကတော့ ပုံမှန်ကျွေးပါတယ်” လို့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံရစဉ်က နေရာ ၂ ခုရဲ့ အစားအသောက် ကျွေးမွေးတဲ့ အခြေအနေကို ပြောပြပါတယ်။
ထိုင်းနိုင်ငံ ရနောင်းမြို့က ကမ္ဘာ့ရုံးချုပ် ဆိုတဲ့နေရာကို ဆက်ပိုင်က အခုလို နားလည်ထားပါတယ်။ ဒီနေရာမှာ ဖမ်းဆီးခံရတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ တဖက်က ခွင့်ပြုချက်တောင်းခံနေတဲ့ ပုံစံမျိုးပါ။ နိုင်ငံကောင်းရင်တော့ မြန်မြန်ပြန်ရောက်နိုင်မယ်။ အခု မြန်မာနိုင်ငံရဲ့ အခြေအနေက ကျီးလန့်စာစား ဖြစ်နေချိန်ဆိုတော့ အခုလို အချိန်အကြာကြီး စောင့်နေရတာပဲ။ သူကိုယ်တိုင် အခုလိုစောင့်ရင်းနဲ့ လေးလတာကာလ ကြာမြင့်သွားတာလည်း ဖြစ်ပါတယ်။
“မင်းတို့မြန်မာနိုင်ငံက စစ်ဖြစ်နေတာ ပို့လို့မရဘူး။ ဒါကြောင့် လမ်းဖွင့်ထားတဲ့ဘက်ကို ပို့မယ်ဆိုပြီး ရနောင်းမြို့ကို ပို့လိုက်တယ်။ ရနောင်းရောက်တော့ တလကျော်လောက် ထပ်ကြာတယ်” လို့ ကိုဆက်ပိုင်က ပြောပါတယ်။
ဆက်ပိုင်တယောက် ရနောင်းမြို့ကို ဆယ်စုနှစ်တခုကျော်မှ ပြန်ရောက်လာတာပါ။ ရနောင်း ဆိုတာ သူ့ကို မွေးဖွားပေးရာ နေရာဆိုလည်း မမှားပါဘူး။ ဒီတခေါက် ရနောင်းကို ရောက်လာတာတော့ အချုပ်ကားပေါ်မှာ စီးနင်းလိုက်ပါပြီး အချုပ်ခန်းတခုထဲမှာသာ နေရတာပါ။ ရနောင်းမြို့ကို အချုပ်ကားပေါ်ကနေပဲ ဖျတ်ခနဲ တွေ့လိုက်ရတာမျိုးပါပဲ။
ဒီနေရာက မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက် နောက်ဆုံးနေရမယ့် နေရာပါ။ ပြန်ပို့မခံရရေးအတွက် မျှော်လင့်ချက်မဲ့ခဲ့ရတဲ့ အချက်တချက်လည်း ရှိပါတယ်။ အဲဒီတချက်ကြောင့်ပဲ မြန်မာနိုင်ငံကို ပြန်ပို့ခံရဖို့ အကြောင်းရင်း ဖြစ်နေသလားလို့ ဆက်ပိုင် တွေးမိပါတယ်။
“မြန်မာနိုင်ငံက မှတ်ပုံတင်ရှိရင် ချက်ချင်းပြန်ရွေးတယ်လို့ ပြောတယ်။ မှတ်ပုံတင်က လက်ထဲမှာ မပါဘူးလေ။ သေသွားတဲ့ CI စာအုပ်ကို ပြန်တောင်းတယ်။ အဲဒါကလည်း ရနောင်းမြို့ကို ရောက်မှ။ မဖြစ်နိုင်ဘူးလေ၊ ကျနော့်မိဘတွေက ဘန်ကောက်မှာ၊ အဝေးကြီးပဲလေ” လို့ ဆက်ပိုင်က မဖြစ်နိုင်တော့တဲ့ သူ့ရဲ့ မျှော်လင့်ချက် အပိုင်းအစတချို့ကို ပြောပြပါတယ်။
ဒါဟာ ထိုင်းအာဏာပိုင်တွေက ရနောင်းမြို့ကို ရောက်တော့မှ သူ့ကို ပြောလာတာပါ။ ဘန်ကောက်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကာလတွေတုန်းက ခုလို အခွင့်အရေးများ ပေးခဲ့ရင်ဆိုတဲ့ အတွေးမျိုးတော့ ပေါ်လာပါသေးတယ်။ အခြေအနေတွေက မဖြစ်နိုင်တော့တဲ့အတွက် မြန်မာနိုင်ငံကို ပြန်ပို့မယ့်ရက်ကိုသာ ထိုင်စောင့်နေလိုက်ပါတော့တယ်။ သူနဲ့အတူ မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ့်သူတွေက အယောက်ပေါင်း ၁၀၀ ကျော် ရှိတယ်လို့လည်း သူသိထားပါတယ်။
ထိုင်းအာဏာပိုင်တွေက ဆက်ပိုင် အပါအဝင် ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံဘက်အခြမ်းကို ပို့ပေးပါတယ်။ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံ ကော့သောင်းမြို့ ကမ်းစပ်တနေရာအထိ ပြန်ပို့ပေးတာပါ။ ကော့သောင်းရောက်တော့ ပထမဆုံး သူတို့ကို ခေါ်သွားတဲ့နေရာက မိုးလုံလေလုံ အားကစားကွင်း တနေရာကိုပါ။
“များသောအားဖြင့် မြန်မာနိုင်ငံကို မပြန်ချင်ကြဘူး။ နယ်စပ်မှာ ချလိုက်တာနဲ့ ပြန်ဝင်ကြမယ့်သူတွေ များတယ်” လို့ ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေ ပြန်ပို့ချိန်မှာတော့ မြန်မာဘက်အခြမ်းက နယ်ထိန်းနဲ့ ရပ်ကွက်လူကြီးတွေက လက်ခံကြတာ ဖြစ်ပါတယ်။ မြန်မာဘက်အခြမ်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါတာ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဆက်ပိုင်လိုပဲ ထိုင်းနိုင်ငံကနေ ပြန်ပို့ခံရတဲ့သူတွေကို ကော့သောင်းမြို့ပေါ်မှာ နေရာခွဲပြီး ထားပါတယ်။ ဆက်ပိုင် ပါတဲ့ အဖွဲ့ကတော့ မိုးလုံလေလုံ အားကစားကွင်း တခုမှာပါ။ အဲဒီအားကစားကွင်းကနေ စစ်ကောင်စီရဲ့ ၂၆၂ တပ်ရင်းကို မပို့ခင် သူတို့ကို ပထမဆုံး စမေးတဲ့ မေးခွန်းက “စစ်သားလုပ်မလား” တဲ့။
“ရှင်းရှင်းပြောရရင် သူတို့က စစ်သားလုပ်မလားလို့ ခေါ်မေးရင် လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ တန်းခေါ်သွားတာ။ မေးတယ်ဆိုတာက တာဝန်အရပဲ” လို့ မြန်မာနိုင်ငံကို ရောက်ရောက်ချင်း ကြုံတွေ့ရတဲ့အရာတချို့ကို ပြောပြပါတယ်။
စစ်ကောင်စီရဲ့ ၂၆၂ တပ်ရင်းထဲ ရောက်တော့ ဆက်ပိုင်တို့ကို လမ်းပြင်ခိုင်းတာ၊ တံတားပြင်ခိုင်းတာတွေ လုပ်ခိုင်းပါတယ်။ သူတို့ကို အခုလိုထားတာကို ဆက်ပိုင်က သံသယတခု ဖြစ်မိပါတယ်။ သူတို့ကို အရပ်ထဲက စစ်မှုထမ်းမဲပေါက်သူတွေနဲ့ လူစားလဲဖို့ လုပ်နေကြတာလား ဆိုတာပါ။
အဲဒီကမှတဆင့် မြိတ်ပညာရေး (၁) ကို အပို့ခံလိုက်ရပါတယ်။ မြိတ်ပညာရေး (၁) ဆိုတဲ့နေရာက လူသစ်စုဆောင်းပေးတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီနေရာကနေ ပလောက်ကို စစ်သင်တန်းတက်ဖို့ ထပ်ပြီးပို့လိုက်ပြန်ပါတယ်။
“သင်တန်းမှာ စားရတာ စကေးနဲ့ကျွေးတာ။ ပထမဦးဆုံး သင်တန်းသားဖြစ်တဲ့အတွက် ငါး ၂ တုံး ရတယ်။ အတုံးသေးသေးလေးတွေပါ။ ငါးကျပ်သား ဆိုလား။ မြန်မာလို မခေါ်တတ်ဘူး။ အဲဒါ ကျွေးတယ်။ ထမင်းကတော့ ကြိုက်သလောက် ယူလို့ရတယ်။ တလကျော် နှစ်လလောက်မှာ မင်းတို့က စစ်သားဖြစ်သွားပြီတဲ့။ ကိုယ်ပိုင်နံပါတ်လည်း ထွက်လာပြီ။ အဲဒီအချိန်မှာ စကေးက လျော့သွားတယ်။ ဟင်းတတုံး လျော့သွားတယ်” လို့ ဆက်ပိုင်က စစ်ကောင်စီကပေးတဲ့ စစ်သင်တန်းမှာ စားသောက်ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
ဆက်ပိုင်တယောက် တနေရာကနေ တနေရာကို ရွှေ့ပြောင်းလာခဲ့ရပြီး နောက်ဆုံးမှာ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ထဲက တပ်ရင်းတခုကို ရောက်ရှိလာပါတယ်။ ဒီနေရာမှာ အချိုးအကွေ့တခုကိုလုပ်ဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ဆုံးဖြတ်ချက်က စစ်ကောင်စီတပ်ထဲကနေ ထွက်ပြေးဖို့ပါ။
နီးစပ်ရာ အဆက်အသွယ်တွေကတဆင့် သူ့ကို ကူညီကယ်ထုတ်ဖို့အတွက် မြို့ပြပြောက်ကျားအဖွဲ့တခုနဲ့ ချိတ်မိသွားပါတယ်။ စစ်ကောင်စီတပ်ကနေ ထွက်လာတဲ့ညက သူ့ကို ကယ်ထုတ်တဲ့ မြို့ပြပြောက်ကျားအဖွဲ့က စွန်စွန့်စားစား ကယ်ထုတ်ခဲ့ရတဲ့အကြောင်း ပြန်ပြောပြချိန်မှာ နားထောင်ရသူအဖို့လည်း ရင်တထိတ်ထိတ်နဲ့ ဖြစ်သွားစေမှာ အမှန်ပါ။
စစ်တပ်ထဲမှာ ဆက်ပိုင်ကို ထားတဲ့နေရာက အတော်လေး ဝင်ရထွက်ရခက်တဲ့နေရာပါ။ ဒီနေရာမှာ နယ်မြေမကျွမ်းကျင်တဲ့သူ ဆိုရင်တော့ ခက်ရာခဲဆစ် ဖြစ်စေမှာပါ။ သူ့ကို ကယ်ထုတ်ဖို့ အသွားမှာတော့ ကင်းချထားတဲ့ နေရာကို ကျော်ဖြတ်သွားရတာပါ။ အသွားခရီးက ဖြေင့်ဖြူးတယ်ပဲ ဆိုရမှာပါ။ အပြန်ခရီးကတော့ ပစ်ခတ်ထွက်ပြေး လွတ်မြောက်လာရတာပဲ ဖြစ်ပါတယ်။
“အသွားတုန်းက ဘာမှမဖြစ်ဘူး။ ကင်းစောင့်နေတဲ့ စစ်သားတွေက ဖုန်းကို အေးဆေးကြည့်နေတာ။ အပြန်မှာတော့ အရှေ့ဆိုင်ကယ်တစီးက လွတ်သွားပြီ။ နောက်က ဆိုင်ကယ်တစီးကို ကင်းစောင့်နေတဲ့ စစ်သားက မသင်္ကာလို့ မီးထိုးလိုက်ချိန်မှာ သူ့ကို ဦးအောင် အရင်ပစ်လိုက်ရတယ်။ ရုပ်ရှင်ထဲက ပြကွက်တခုအတိုင်းပါပဲ” လို့ ဆက်ပိုင်ကို သွားရောက် ကယ်ထုတ်ခဲ့တဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တဦးက ပြောပြပါတယ်။
ဆက်ပိုင်ဟာ ထိုင်းနိုင်ငံမှာ မွေး၊ ထိုင်းနိုင်ငံမှာ ကြီးပြင်းလာသူတယောက်လို့ ပြောလို့ရမှာပါ။ ထိုင်းဘာသာစကားကိုလည်း ကောင်းကောင်းတတ်ပါတယ်။ မြန်မာစကားကိုတော့ လူတယောက် နားလည်အောင် ပြောပြတတ်တယ် ဆိုရုံသာပါ။ ထိုင်းနိုင်ငံမှာပဲ တရားမဝင် ရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံကို စစ်မှုထမ်းဖို့ ပြန်ပို့ခံလိုက်ရတာကို ကြုံတွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။ အခုတော့ ဆက်ပိုင်တယောက် စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။
တာပလု