
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေ ကျေးရွာကို မတ် ၃၁ ရက်နေ့ မနက်မှာ စစ်ကောင်စီရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းတော်ကြီးတပါးနဲ့ ဒေသခံပြည်သူ တယောက် သေဆုံးသွားပြီး ဆရာတော်ကြီး တပါးနဲ့ ကိုရင်လေးတပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၇ ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၃၁ ရက် မနက်ပိုင်း ၉ နာရီကျော်အချိန်မှာ မင်းရပ်တိုက်နယ်၊ ဝါးနက်ချွိန်ကျေးရွာနားရှိ စစ်တပ်နေဗီကနေ ဇင်ချောင်းကုန်ဘွေကျေးရွာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အောင်မင်္ဂလာရပ်ကွက်၊ ဘုန်းကြီးကျောင်း ဓမ္မာရုံရှေ့နားနဲ့ လမ်းမကြီးပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အခုလို ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရှင်အာဒိစ္စ (သက်တော် ၃၂ နှစ်) ပျံလွန်တော်မူသွားတဲ့အပြင် အသက် ၃၀ အရွယ် ဦးဘဂျမ်းလည်း နေရာမှာတင် သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ဆရာတော်ကြီး အရှင်ဇနိတ၊ ကိုရင်ချေ ဓမ္မာနန္ဒ၊ ဦးမောင်ထွန်းမြ၊ ဒေါ် သိန်းဟန်နု၊ ဒေါ် သန်းသန်းအေး၊ ဒေါ် ဖြိုးဖြိုးဝင်း နဲ့ မခင်မြအေး ၁၆ နှစ် တို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ရွာက ဘုန်းကြီးကျောင်း ဓမ္မာရုံလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ကေခိုင်